
ပုဂ္ဂလိကယာဉ်တွေ အသုံးပြုခွင့်ကို ကန့်သတ်ထားတဲ့ စုံ၊ မ စနစ်ကို ပယ်ဖျက်ပေးဖို့အတွက် စစ်တပ် ထောက်ခံသူတွေအပါအဝင် ပြည်သူတချို့က တောင်းဆိုနေကြပါတယ်။
စက်သုံးဆီချွေတာဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုဂ္ဂလိကပိုင်ယာဉ်တွေကို စုံ၊ မ စနစ်နဲ့ အသုံးပြုဖို့ ပြီးခဲ့တဲ့ မတ်လကစလို့ စစ်ကောင်စီက ကန့်သတ်ထားတာပါ။
လက်ရှိအချိန်မှာတော့ ယာဉ်တွေကို QR ကုဒ်နဲ့ ကိုတာအလိုက် စက်သုံးဆီခွဲဝေပေးနေပြီ ဖြစ်လို့၀ စုံ၊ မ စနစ်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ နေထိုင်သူတယောက်က “ဒါကြီးက တကယ်တမ်းကျ အစောကတည်းက မလိုအပ်ပါဘူး။ စုံ၊ မ စနစ်နဲ့ ဆီရောင်းပေးနေရင် ပြီးနေတာကို။ အခုကျတော့ သွားရေးလာရေး ခက်ခဲတာပေါ့။ တအိမ်မှာ နှစ်စီး၊ သုံးစီး ရှိတဲ့သူတွေက အကြောင်းမရှိပေမဲ့ ကျနော်တို့လို ဆိုင်ကယ်တစီးပဲရှိတဲ့သူတွေကျ ဘယ်လိုလုပ်ရမလဲ။ အလုပ်က နေ့တိုင်း သွားနေရတာကို” လို့ ပြောပါတယ်။
လက်ရှိမှာ စက်စွမ်းအားအလိုက် ဝယ်ခွင့်ရတဲ့ ဆီပမာဏသတ်မှတ်ပြီး တပတ်မှာ ၂ ကြိမ်ကနေ ၃ ကြိမ်အထိ ရောင်းပေးဖို့ စစ်ကောင်စီက ညွှန်ကြားထားတာပါ။
ပျဉ်းမနားမြို့ နေထိုင်သူတယောက်က “အခု တပတ်ကို နှစ်ကြိမ်ပဲ ဝယ်ရမယ်ဆိုပြီး ပြောတယ်။ အဲဒါဆို စုံ၊ မ ကြီးကို ပယ်ဖျက်ပြီလား ဆိုတော့လည်း မဟုတ်ဘူးတဲ့။ ကိုယ့်ပစ္စည်းနဲ့ကိုယ် အပြင်သွားရင် စိတ်ညစ်နေရတယ်” လို့ ပြောပါတယ်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာ စက်သုံးဆီကို ခွဲတမ်းနဲ့ ရောင်းချပေးနေတာကြောင့် မတ်လတုန်းကလောက် တန်းစီဝယ်ယူရတာ မများတော့ပေမဲ့ တချို့နေရာတွေမှာတော့ အချိန်အကြာကြီး တန်းစီဝယ်ယူနေရတုန်းဖြစ်ပါတယ်။










