
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ရွာမှာ နေထိုင်တဲ့ တပ်ထောက်ခံသူ ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို ဧပြီ ၇ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက အင်အားအများအပြားနဲ့ လာရောက်ပြီး နေအိမ်သံတံခါးကို သံဖြတ်လွှနဲ့ဖြတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“အိမ်က သံတံခါးကို သံဖြတ်လွှနဲ့ဖြတ်ပြီး ဦးငါးမင်းဆွေကို ဖမ်းသွားတယ်။ အခု ကျိုက်ထိုရဲစခန်းမှာ စစ်နေတယ်။ ဘာပုဒ်မနဲ့ အမှုဖွင့်လဲတော့ မသိဘူး။”
ဧပြီ ၇ ရက် နေ့လယ် ၂ နာရီခွဲက ကျိုက်ထိုမြို့မရဲစခန်းက မြို့နယ်မှူး၊ စခန်းမှူး အပါအဝင် ရဲအင်အား အများအပြားနဲ့ လာရောက်ပြီး ဖမ်းဆီးခဲ့တာလို့ Follwer ၂ သိန်းကျော်ရှိတဲ့ ငါးမင်းဆွေ Tiktok အကောင့်ကနေ Live လွှင့် ပြောဆိုခဲ့ပါတယ်။
“ဒီမှာဗျာ ကျနော်လည်းမဟုတ်ဘူး၊ အကောင့်အတုက ရေးနေတာကို အခု ကျနော်ပြောတော့မယ်။ ကျိုက်ထိုရဲစခန်းမှာ ၂၀၂၄ နိုဝင်ဘာ ၉ ရက်နေ့က ဖမ်းတယ်။ ကျနော့်ကို ခေါင်းစွပ်ပြီး သေအောင်ရိုက်တယ်။ နားတွေမကြားတော့ဘူး၊ နားအုံတွေဖြစ်သွားတယ်။ ခင်ဗျားတို့ရိုက်တာကို အပြစ်ရမှာစိုးလို့ ကျနော်မပြောဘူး။ အခုမှပြောတာ၊ လူတယောက်ကို အဲလိုရိုက်လို့ရလား၊ အခုလည်း ကျနော့်ကိုခေါ်ပြီး အဲ့လိုရိုက်ဦးမယ်။ ကျနော်ပြောပြတယ်၊ ဒါက အကောင့်တုကြီး၊ ခင်ဗျားတို့ အပြစ်ရမှာစိုးလို့။”
ငါးမင်းဆွေဟာ မတ် ၂၄ ရက်က ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လူမှုကွန်ရက် စာမျက်နှာကတဆင့် တောင်းဆိုခဲ့တာကြောင့် ဖမ်းဆီးခံရတာလို့ သုံးသပ်သူတွေရှိသလို စစ်တပ်ကို လှောင်ပြောင် သရော် ရေးသားခဲ့လို့ ဖမ်းဆီးခံရတာလို့ ထင်ကြေးပေးသူတွေလည်း ရှိပါတယ်။
စစ်တပ်ထောက်ခံသူ ငါးမင်းဆွေဟာ ဖေဖော်ဝါရီ ၂၅ ကနေ မတ် ၂၁ ရက်အထိ ငြိမ်းချမ်းရေး အတွက်ဆိုပြီး မော်လမြိုင်မြို့ကနေ မြစ်ကြီးနားမြို့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ရာ စစ်ကိုင်းမြို့မှာ စစ်ကောင်စီတပ်ရဲ့ တားမြစ်မှုကြောင့် ကျိုက်ထိုနေအိမ်ကို ပြန်လာခဲ့ရပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က စစ်ကောင်စီက ငါးမင်းဆွေကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ကာ ထောင်ဒဏ် ၃ နှစ် အမိန့်ချခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည်ကို ပြည့်တန်ဆာ အမျိုးသမီးထက်ပင် ယုတ်ညံ့တယ်လို့ ရေးသားခဲ့လို့ ငါးမင်းဆွေကို ပုဒ်မ ၁၂၄(က) နဲ့ အမှုဖွင့်ခဲ့ရာ ထောင်ဒဏ် ၇ နှစ် ကျခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဧပြီလမှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။










