
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ကို ကြည်ညိုလို့ ပုံတူရုပ်တု ထုကာ နေအိမ်မှာ ထားရှိတဲ့ စစ်တပ်ထောက်ခံသူ မင်းသားကြီး(ခ)မင်းလှအောင်ကို မေ ၂၅ရက် ညပိုင်းက စစ်တပ်နဲ့ ပန်းတနော်မြို့မရဲစခန်းက ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပန်းတနော်မြို့နယ်၊ ရွှေလှေကျေးရွာမှာနေထိုင်တဲ့ မင်းသားကြီးကို ခွင့်ပြုချက် မရှိဘဲ နေအိမ်အတွင်း မင်းအောင်လှိုင်ရဲ့ ကိုယ်တပိုင်းပြတ် ပုံတူရုပ်တုကို ထုလုပ်ထားရှိတာကြောင့် ဖမ်းဆီးတာလို့ ဒေသခံ တယောက်က DVB ကိုပြောပါတယ်။
"သူက မင်းအောင်လှိုင်ကို အရင်ကတည်းက ချစ်အဖေ၊ ဒေါ်ကြူကြူလှကို ချစ်အမေ လို့ပဲ အမြဲခေါ်တာ မင်းအောင်လှိုင် သမ္မတဖြစ်သွားတော့ သူ့အိမ်မှာ ပုံတူရုပ်တု ထုပြီးထားတာ အဲဒီ ရုပ်တုပြီးတော့ လိုင်းပေါ်တင်လိုက်တာ ဝိုင်းဆဲကြတာ၊ အဲဒီနောက်မှာ အဖမ်းခံရတာ အဖမ်းမခံရခင် မီဒီယာနဲ့ အင်တာဗျူး လုပ်လိုက်သေးတယ်။”
မင်းအောင်လှိုင်ရုပ်တု ထုလုပ်ပြီးနောက် မေ ၂၂ ရက်မှာ သူအသုံးပြု Min Hla Aung Tiktok အကောင့်မှာ မေ ၂၂ ရက်စပြီး တင်ခဲ့ရာ ဝေဖန်မှုတွေ မြင့်တက်ခဲ့လို့ မေ ၂၃ ရက် စစ်တပ်ဝါဒဖြန့် မီဒီယာ မဏ္ဍိုင် The Phillar နဲ့ အင်တာဗျူး ဖြေပြီးနောက် အဖမ်းခံရကာ မီဒီယာကလည်း အဆိုပါ ရုပ်သံကို ပြန်ဖျက်သွားပါတယ်။
ပန်းတနော်ရဲစခန်းနဲ့ နီးစပ်သူတယောက်က "ခွင့်ပြုချက်မရှိဘဲ နိုင်ငံတော်အကြီးအကဲရုပ်တုကို ထုလို့ ဖမ်းတာ။ တကယ်ထုပြီး ထားချင်ရင်တောင် စာတင်ရမှာ။ နေပြည်တော် ဂုဏ်ပြုဗိမာန်မှာလည်း သမ္မတရုပ်တု ထားဖို့ လုပ်နေတဲ့အချိန်ဆိုတော့ ပိုဆိုးတယ်" လို့ ပြောပါတယ်။
လတ်တလောမှာ မင်းသားကြီးကို သူ့နေအိမ်မှာ ဆက်လက်ထားရှိကာ ရုပ်တုကိုတော့ စစ်တပ်က ဖယ်ရှားသိမ်းဆည်းထားပါတယ်။
စစ်ခေါင်းဆောင် သမ္မတ ဖြစ်ပြီးနောက် ဧပြီ ၁၁ ရက်မှာ မင်းသားကြီး(ခ)မင်းလှအောင်က သူ့အဖေရုပ်တုကို ထုလုပ်ပြီး နေအိမ်အတွင်း ထားရှိမယ်လို့ လူမှုကွန်ရက်မှာ ပြောဆိုခဲ့ပါတယ်။
စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ကလည်း နေပြည်တော်မှာ ဆောက်လုပ်နေတဲ့ ပြည်ထောင်စုဂုဏ်ပြုဗိမာန်အတွင်းမှာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းတည်ဆောက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ရုပ်တုတွေကို ထုဆစ်ထားရှိဖို့ ညွှန်ကြားထားပြီး သူ့ရုပ်တုလည်း ပါဝင်ပါတယ်။
ဖမ်းဆီးခံရတဲ့ မင်းသားကြီး(ခ)မင်းလှအောင်ဟာ စစ်တပ် အာဏာမသိမ်းခင်ကတည်းက ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး တပ်ထောက်ခံသူတွေကြားမှာလည်း မကျေလည်မှုတွေရှိခဲ့ကာ ဇော်ဘုန်းဟိန်း အဖမ်းခံရတဲ့ကိစ္စမှာ သူ ပါဝင်ပတ်သက်မှုတွေရှိတယ်လို့ ထင်ကြေးပေးခံရသူလည်း ဖြစ်ပါတယ်။










