
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ မွတ်စလင် မိသားစု ၁,၀၀၀ ကျော်ဟာ စားနပ်ရိက္ခာ အထောက်အပံ့တွေ လျှော့ချ ဖြတ်တောက်ခံနေရလို့ စားဝတ်နေရေး ကျပ်တည်းမှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ စခန်းအတွင်းရှိ မွတ်စလင်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်ရှိ သဲချောင်း၊ ဓားပိုင်၊ သက္ကယ်ပြင်၊ ဘုမေ စတဲ့ ကျေးရွာတွေရှိ ဒုက္ခသည် မွတ်စလင်တွေကို မတ်လကတည်းက ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်(WFP)နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေက ထောက်ပံ့ပေးနေတဲ့ စားနပ်ရိက္ခာထောက်ပံ့မှုတွေကို ဖြတ်တောက်တာနဲ့ လျှော့ချခံရတာကို တပြိုင်တည်း ရင်ဆိုင်နေကြရတာလို့ မွတ်စလင် ဒုက္ခသည်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်နေ မွတ်စလင် အမျိုးသားတယောက်က “ငွေကြေး လျှော့ချလိုက်တာ မဟုတ်ဘူး။ ထောက်ပံ့ပေးနေတဲ့ လူဦးရေနဲ့ အိမ်ထောင်စုတွေကို လျှော့ချလိုက်တာ။ တချို့မိသားစုတွေဆိုရင် လူဦးရေ လျှော့ချခံလိုက်ရတာရှိသလို တချို့မိသားစုတွေဆို အိမ်ထောင်စုလိုက် ထောက်ပံ့မှု ဖြတ်တောက်ခံလိုက်ရတာ။ ဒီလို စစ်ရေးပဋိပက္ခတွေကြား စားနပ်ရိက္ခာ ဖြတ်တောက်၊ လျှော့ချခံလိုက်ရတာက စားဝတ်နေရေးအတွက် အတော်လည်းကို ကျပ်တည်းဆိုးရွာသွားစေတယ်” လို့ပြောပါတယ်။
စစ်တွေမြို့နယ်ကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်ကတည်းက ကုန်ကြောင်းနဲ့ ရေလမ်းကြောင်းတွေကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတာကြောင့် အလုပ်အကိုင်အခွင့်အလမ်း မရှိကြဘဲ WFP နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ စားနပ်ရိက္ခာထောက်ပံ့မှုကို မှီခိုပြီး ရပ်တည်နေကြရတာလို့ မွတ်စလင် ဒုက္ခသည်တွေက ပြောပါတယ်။
မွတ်စလင် ဒုက္ခသည်စခန်းတွေမှာ WFPနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက လူတယောက်ကို တလ ကျပ်ငွေ ၄၅,၀၀၀ နှုန်းနဲ့ ထောက်ပံ့ပေးနေကြတာလည်း ဖြစ်ပါတယ်။ ဒုက္ခသည်တွေဟာ စစ်တွေမြို့ပေါ်ကိုလည်း လွယ်လင့်တကူသွားလာလို့ မရတဲ့အချိန်မှာ စားနပ်ရိက္ခာ ဖြတ်တောက်၊ လျှော့ချခံရလို့ ပိုမိုအခက်တွေ့နေကြတာလည်း ဖြစ်ပါတယ်။
မွတ်စလင်အမျိုးသားတယောက်က “ဒီလို စစ်ရေးပဋိပက္ခတွေကြောင့် လူတွေ စားဝတ်နေရေး ကျပ်တည်း ငတ်မွတ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ WFP ရဲ့ ရိက္ခာလျှော့ချ၊ ဖြတ်တောက်လိုက်မှုကို နားမလည်နိုင်ဘူး။ IDP မိသားစုဝင်တွေကို စာရင်းက လျှော့ချလိုက်တာ၊ စာရင်းက ဖယ်ရှားလိုက်တာဟာ IDP တွေရဲ့ အခွင့်အရေးကို ချိုးဖောက်လိုက်တာ” လို့ ပြောပါတယ်။
စစ်တွေမြို့နယ်က မွတ်စလင်ဒုက္ခသည်တွေဟာ ၂၀၁၂ ခုနှစ် အရေးအခင်းကတည်းက စစ်တွေမြို့ပြင်က မွတ်စလင်ကျေးရွာတွေမှာရှိတဲ့ IDP စခန်းတွေမှာ နေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်အတွင်း မြန်မာတနိုင်ငံလုံးရှိ လူဦးရေ ၁ သန်းခွဲကို အသက်ကယ်ဆယ်ရေး အကူအညီတွေနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အထောက်အပံ့တွေပေးဖို့ အမေရိကန်ဒေါ်လာ ၁၅၀ သန်း ရန်ပုံငွေ လိုအပ်နေပြီ လုံလောက်တဲ့ ရန်ပုံငွေမရရှိပါက အရေးပေါ် အသက်ကယ်ဆယ်ရေး လုပ်ငန်းတွေကိုသာ ဦးစားပေးလုပ်ဆောင်ရတော့မယ်လို့ ၊ WFP ကထုတ်ပြန်ပါတယ်။
အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေးနဲ့ အကူအညီအပေါ် ရေရှည်မှီခိုနေရမှုကို လျှော့ချရဖွယ် ရှိနေတယ်လို့ မတ် ၂၇ ရက် ထုတ် WFP ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
လက်ရှိ စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေကြောင့် ဒေသခံတွေဟာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။










