
စစ်ကိုင်းတိုင်း ရေဦးမြို့ရဲ့ မြောက်ဘက် ၂ မိုင်ခွဲကျော်ခန့်မှာရှိတဲ့ နေရာတခုကို စစ်အာဏာရှင်တပ် က ဇွန် ၂ ရက် ညနေ ၃ နာရီခွဲလောက်မှာ လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲချသွားတယ်လို့ ဒေသခံတွေဆီ ကနေ သိရပါတယ်။
လာရောက်ကြဲချတဲ့ လေယာဉ် ၂ စင်းဟာ တံတားဦးတက် ဂျက်တိုက်လေယာဉ် အမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။
ခင်ဦးမြို့ပေါ်နေ ပြည်သူတယောက် “အခုကြဲချသွားတဲ့ နေရာက ရွာတော့မဟုတ်ဘူးဗျ။ အစိုးရ စပါးစိုက်ခင်းတွေ စမ်းသပ်စိုက်ပျိုးတဲ့ စခန်တခုဗျ။ အဲနေရာကို ကြဲချသွားတာ။ လူအထိခိုက်က တော့ လမ်းသွားလမ်းလာ ဖြတ်သွားတဲ့ အရပ်သားတယောက်တော့ ကျည်ရှပ်ထိဒဏ်ရာ ရတာပဲ ရှိပါတယ်” လို့ ပြောပါတယ်။
အဆိုပါ စိုက်ခင်းစမ်းသပ်စိုက်ပျိုးရာ နေရာမှာ ရေဦးမြို့နယ်ပကဖအဖွဲ့က ယာယီစခန်းချခဲ့ဖူးတယ်လို့ သိရပါတယ်။
ရေဦးပကဖနဲ့ နီးစပ်သူ တော်လှန်ရေးရဲဘော်တယောက်က “ပြီးခဲ့တဲ့ရက်ပိုင်းက ရေဦးမြို့နယ် ပကဖ တာဝန်ခံ ကိုနန္ဒဝင်း ဌာနမှာ အလင်းဝင်ထားတဲ့ ငလင်း ခေါ် (--)တကောင် ရေဦး(--)ခြံထဲကို အမှောင်ပြန်ဝင်သွားတာ ရှိတယ်။ အဲဒီ နောက်ဆက်တွဲ ဖြစ်လိမ့်မယ်။ မနေ့ကလည်း ရေဦး (--) ခြံကနေ လက်နက်ကြီး ၇ လုံးနဲ့ ရမ်းထုတာတွေလည်း လုပ်တယ်။ အဲဒီ (--) အလင်းဝင်သွားပြီဆိုတာ သိတာနဲ့ ရေဦးပကခအဖွဲ့က ဌာနေ ပြောင်းရွှေ့သွားတယ်” လို့ ပြောပါတယ်။
ရေဦးပကဖဌာနေအဟောင်းကို စစ်တပ်က လေယာဉ် ၂ စင်းအသုံးပြုပြီး ဗုံးသီး ၅ လုံး ကြဲချ တိုက်ခိုက်သွားပေမဲ့ တော်လှန်ရေးရဲဘော်တယောက်မှ ထိခိုက်မှု မရှိခဲ့ပေမဲ့ စိုက်ခင်း အဆောင်တချို့ ပျက်စီးတာတွေတော့ ရှိခဲ့တယ်လို့လည်း သိရပါတယ်။










