
ဖိလစ်ပိုင်နိုင်ငံ အောက်လွှတ်တော်က အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ အသုံးပြုတာကို တားမြစ်ပိတ်ပင်တဲ့ အစီအမံတခုကို အတည်ပြုလိုက်ပြီးတဲ့နောက်၊ အသက်မပြည့်သေးသူတွေ ဆိုရှယ်မီဒီယာ သုံးတာကို ကန့်သတ်ထိန်းချုပ်ရေးဆီ တလှမ်းချင်း တိုးတက်အောင် ဆောင်ရွက်ခဲ့ပါတယ်။
ဇွန်လကတည်းက ကျောင်းတွေမှာ သေနတ်ပစ်ခတ်မှုဖြစ်စဉ် ၃ ခု ဖြစ်ခဲ့ပြီးတဲ့နောက် ကလေးငယ်တွေ ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်းအကြောင်းအရာတွေအပေါ် ထိတွေ့ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးငြင်းခုံမှုတွေ ပြန်ပေါ် လာခဲ့ပါတယ်။
ဥပဒေပြုရေးလုပ်ငန်းစဉ်ကလည်း အရှိန်အဟုန်ရလာခဲ့ပါတယ်။ ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့တဲ့ မိဘအများစုဟာ လူမှုကွန်ရက်မီဒီယာက သူတို့ရဲ့ကလေးတွေအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေလို့ ဒီဆောင်ရွက်ချက်ကို သဘောတူ ထောက်ခံခဲ့ကြပါတယ်။
ဒါပေမဲ့ မိဘတယောက်ကတော့ မိဘတွေအနေနဲ့ သင့်လျော်တဲ့ လမ်းညွှန်မှုပေးတာနဲ့ ကလေးတွေ လူမှုကွန်ရက်သုံးတဲ့အချိန်ကို ကန့်သတ်သတ်မှတ်ပေးတာက ပိုကောင်းမယ်လို့ ပြောရင်း ဥပဒေမူကြမ်းကို သဘောမတူကြောင်း ဖော်ပြပါတယ်။
ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးအပေါ် လူမှုကွန်ရက်သုံးစွဲမှုက သက်ရောက်နေတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာချိန်မှာ ဂရိ၊ ပေါ်တူဂီ၊ ဩစတြေးလျ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့နည်းတူ ဖိလစ်ပိုင်နိုင်ငံကလည်း ကလေးငယ်တွေရဲ့ လူမှုကွန်ရက် အသုံးပြုမှုကို ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ နောက်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
Source: Reuters











