
မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစားကွန်ရက်ဖြစ်တဲ့ Sky Aviator နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေထံ Advanced Connection Corporation (ACC) ကုမ္ပဏီက သီးသန့်ရှယ်ယာ လွှဲပြောင်းရောင်းချမဲ့ အစီအစဉ်ကို ထိုင်းနိုင်ငံ ငွေချေးသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC) က ဆိုင်းငံ့ လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။
ACC ကုမ္ပဏီဟာ အဆိုပါ ရှယ်ယာတွေကို စင်ကာပူနဲ့ ထိုင်းမှာ လုပ်ငန်းခွဲတွေရှိတဲ့ Sky Aviator Trading ၊ Heli Asia Trading နဲ့ ထိုင်းရင်းနှီးမြှုပ်နှံသူတယောက်ထံ ရောင်းချဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဆိုပါထုတ်ဖော်ချက်တွေမှာ အရေးပါတဲ့ အချက်အလက်တွေ ကွယ်ဝှက်ထားပြီး စည်းမျဉ်း တွေနဲ့ ကိုက်ညီမှုမရှိတာကြောင့် SEC က ဆိုင်းငံ့မိန့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ Sky Aviator ကွန်ရက်က အမည်ခံပိုင်ဆိုင်မှုတွေသုံးပြီး ACC ရဲ့ ရှယ်ယာတွေကို ရယူဖို့ ကြိုးပမ်း နေတာဟာ ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေတယ်လို့ JFM က ထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေထံ စာရေးသားသတိပေးခဲ့ပြီးနောက်မှာ အခုလို ဆိုင်းငံ့မှု ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။
ACC ဘက်ကတော့ ရှယ်ယာဝယ်ယူမှုအတွက် ငွေပေးချေမှုတွေ လက်ခံထားပြီးဖြစ်လို့ လောလောဆယ် မတည်ရင်းနှီးငွေ တိုးမြှင့်မဲ့ လုပ်ငန်းစဉ်ကို ဆက်လုပ်လို့မရတော့ကြောင်း တုံ့ပြန်ထားပြီး အယူခံဝင်ဖို့ရှိနေပါတယ်။
Sky Aviator ကွန်ရက်ကို ဦးဆောင်သူမှာ မြန်မာစစ်တပ်ရဲ့ အဓိကလက်နက်ပွဲစား ဦးကျော်မင်းဦး ဖြစ်ပါတယ်။
သူဟာ ရုရှားနိုင်ငံထုတ် စစ်လေယာဉ်တွေ ပြုပြင်ထိန်းသိမ်းဖို့ အစိတ်အပိုင်းတွေ ဝယ်ယူပေးနေသူ ဖြစ်တာကြောင့် အမေရိကန်၊ ဗြိတိန်၊ အီးယူနဲ့ ကနေဒါတို့က အရေးယူဒဏ်ခတ်ပိတ်ဆို့ထားသူ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ Sky Aviator ကွန်ရက်တခုလုံးနဲ့ အဓိကလူပုဂ္ဂိုလ် အားလုံးအပေါ် တပြေးညီဖြစ်မနေဘဲ ဟာကွက်တွေရှိနေတယ်လို့ဆိုပါတယ်။
ဒါကြောင့် အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတို့အနေဖြင့် Sky Aviator ကုမ္ပဏီကွန်ရက်တခုလုံးရှိ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်အားလုံးအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ညှိနှိုင်းချမှတ် အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။










