အမေရိကန်ရှိ ကလေးတိုင်း Space X ရှယ်ယာ ၂ စောင်ရမည်ဟု အီလွန်မတ်စ်ခ် ပြော
အမေရိကန်မှာရှိတဲ့ ကလေးတိုင်း SpaceX ရဲ့ ရှယ်ယာ ၂ စောင် ရမယ်လို့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်ခ်က ပြောပါတယ်။
ကလေးတွေဟာ ကုမ္ပဏီက ရှယ်ယာတစောင် လက်ခံရမှာဖြစ်ပြီး သူက တစောင်ပေးမှာဖြစ်တယ်လို့ ဆိုရှယ်မီဒီယာ X မှာ အီလွန်မတ်စ်ခ်က ဖော်ပြထားပါတယ်။
သူ့ရဲ့ အဆိုအရ ကလေးတွေကို ရှယ်ယာလက်ဆောင်ပေးမှုဟာ တန်ဖိုး ဒေါ်လာ ၁၈ ဘီလီယံအထိ ရှိမှာဖြစ်ပေမဲ့ ဘယ်လိုပုံစံနဲ့ပေးမယ် ဆိုတာမျိုး အပြည့်အစုံကိုတော့ ဖော်ပြမထားပါဘူး။
Space X ကတော့ Active ဖြစ်တဲ့ ထရမ့်ပ်အကောင့်တိုင်းကို Class A အများပိုင်ရှယ်ယာတခုစီ ဖြည့်ပေးမယ်လို့ ပြောဖူးပါတယ်။
အီလွန်မတ်စ်ခ်ကလည်း ကုမ္ပဏီက ထည့်ပေးသလိုမျိုး သူကိုယ်တိုင် ရှယ်ယာတခုပေးဖို့ ပြောခဲ့တာပါ။
ထရမ့်ပ်အကောင့်ဆိုတာ အသက် ၁၈ နှစ်အောက် ကလေးတွေကို ငယ်ရွယ်စဉ်ကစပြီး အနာဂတ်မှာ ကြွယ်ဝမှု တည်ဆောက်ပေးဖို့ အကူအညီပေးရေး အစီအစဉ်ဖြစ်ပြီး အိမ်ဖြူတော်က အောက်တိုဘာလကစကာ သန်း ၇၀ နီးပါး အကောင့်ဖွင့်ပေးခဲ့ပါတယ်။
Space X ရဲ့ ဗုဒ္ဓဟူးနေ့ ရှယ်ယာပိတ်ချိန်မှာ ၁၂၇ ဒသမ ၄၄ ဒေါ်လာရှိခဲ့လို့ အီလွန်မတ်စ်ခ် ကတိပြုထားတဲ့ တန်ဖိုးက ဒေါ်လာ ၁၈ ဘီလီယံအထိ တန်ကြေးရှိတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
အီလွန်မတ်စ်ခ်ရဲ့ Space X ရှယ်ယာ လှူဒါန်းမှုဟာ ထရမ့်ပ်အကောင့်နဲ့ ဆက်စပ်သလား ဒါမှမဟုတ် သီးခြား ငွေထုတ်ခွင့် ကန့်သတ်ထားတဲ့ ပုံစံမျိုးနဲ့ လုပ်မလား ဆိုတာမျိုးတော့ Space X က မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
အီလွန်မတ်စ်ခ်ဟာ ဒေါ်လာ ၈၂၄ ဘီလီယံ ပိုင်ဆိုင်ထားပြီး ဇွန်လအထိ SpaceX မှာ ရှယ်ယာတန်ဖိုး ၆ ဒသမ ၄၂ ဘီလီယံ ပိုင်ဆိုင်ထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အီလွန်မတ်စ်ခ်ရဲ့ ပရဟိတလှူဒါန်းမှုမျိုးတွေကို မတ်စ်ခ်ဖောင်ဒေးရှင်းကတဆင့် ပြုလုပ်လေ့ရှိကာ မတ်စ်ခ်ဖောင်ဒေးရှင်းဟာ ဒေါ်လာ ၁၄ ဘီလီယံကျော် ရှိတယ်လို့လည်း ဆိုပါတယ်။
ဘီလီယံနာသူဌေးကြီး ဝါရန်ဘတ်ဖတ်ဟာ သူ့ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ ၆၀ ဘီလီယံကို လှူဒါန်းခဲ့သလို ပိုင်ဆိုင်မှု ဒေါ်လာ ၁၅၀ ဘီလီယံရဲ့ အများစုကို လှူဒါန်းဖို့ ရည်ရွယ်ထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဒါ့အပြင် သူဌေးကြီး ဘီလ်ဂိတ်ကလည်း ဖောင်ဒေးရှင်းထောင်တဲ့ ၂၀၀၀ ပြည့်နှစ်ကစပြီး ဒေါ်လာ ၁၀၀ ဘီလီယံကျော် လှူဒါန်းထားပါတယ်။
Source: Reuters











