ရီပတ်ဘလစ်ကန်အတွက် စံချိန်တင်ငွေသုံးခဲ့မှု မိုက်မဲရာကျဟု အီလွန်မတ်စ်ခ် ဝန်ခံ
အမေရိကန်သမ္မတ သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလစ်ကန်တွေ အရေးနိမ့်ခဲ့ပြီးနောက် ပါတီအတွက် စံချိန်တင် ငွေသုံးခဲ့တာဟာ “တော်တော်မိုက်မဲရာ” ကျတယ်လို့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က ပြောပါတယ်။
နိုဝင်ဘာ ၁၈ ရက်က နယူးယောက်တိုင်းမ်စ်ရဲ့ DealBook ဆွေးနွေးပွဲကို တရုတ်နိုင်ငံကနေ အွန်လိုင်းတက်ရောက်ချိန် ပြောခဲ့တာ ဖြစ်ပါတယ်။
မတ်စ်ခ်ဟာ ဒီရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီကို အမေရိကန်ဒေါ်လာ ၄၄၆ သန်း ထောက်ပံ့ခဲ့ပြီး တယောက်ချင်း အလှူရှင်တွေထဲမှာ အများဆုံး ဖြစ်ပါတယ်။
ဒါ့အပြင် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ MAGA (Make America Great Again) လှုပ်ရှားမှုကို ထောက်ခံသူတယောက် မဟုတ်ဘူးလို့လည်း မတ်စ်ခ်က ပြောခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်ပါတီရဲ့ မူဝါဒတွေကို မျက်စိမှိတ်ထောက်ခံသူ မဟုတ်ဘူးလို့လည်း ရှင်းပြပါတယ်။
ဒါပေမဲ့ ၂၀၂၄ ခုနှစ်တုန်းက မတ်စ်ခ်ဟာ သူ့ကိုယ်သူ “Dark MAGA” လို့ ကြေညာခဲ့ဖူးပြီး ထရမ့်ပ်အစိုးရရဲ့ အစိုးရစွမ်းဆောင်ရည် မြှင့်တင်ရေးဌာနကိုလည်း ဦးဆောင်ခဲ့ဖူးပါတယ်။
သမ္မတ သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲ ရလဒ်မှာတော့ ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးမှာ အများစု အနိုင်ရခဲ့ပါတယ်။
မတ်စ်ခ် အဓိက ငွေကြေးထောက်ပံ့ခဲ့တဲ့ တက္ကဆက်ပြည်နယ်မှာလည်း ရီပတ်ဘလစ်ကန် အထက်လွှတ်တော်ကိုယ်စားလှယ်လောင်း ကင်ပက်စတန် ရှုံးနိမ့်ခဲ့ပါတယ်။
ငွေအများကြီး သုံးခဲ့ပေမဲ့ မျှော်လင့်ထားသလို အကျိုးမရှိခဲ့တာကြောင့် အချိန်နောက်ပြန်လှည့်လို့ရရင် ဒီလောက်ငွေမသုံးခဲ့ဘူးလို့ မတ်စ်ခ်က ပြောပါတယ်။
အမေရိကန် ရွေးကောက်ပွဲတွေဟာ ငွေကြေးတခုတည်းနဲ့ ဆုံးဖြတ်လို့မရဘူးဆိုတာ ဒီရလဒ်တွေက ပြသနေတယ်လို့လည်း သူက ဆိုပါတယ်။
Source: Reuters











