
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာနဲ့ ဆက်စပ်နေတဲ့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို တာဝန်ရှိသူတွေက ဇူလိုင် ၁၅ ရက်မှာ သိမ်းဆည်းလိုက်ပါတယ်။
ဒီပိုင်ဆိုင်မှုတွေဟာ ဟာဆီနာရဲ့ မိသားစုဝင်တွေအပြင် စီးပွားရေးလုပ်ငန်းစု ၁၀ ခုနဲ့ပါ ဆက်စပ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုအုံကြွမှုကြောင့် ဟာဆီနာဟာ ရာထူးကနေ ဖြုတ်ချခံခဲ့ရပြီး အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ သူ့ရဲ့ ၁၅ နှစ်ကြာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ချိန်မှာ အကျိုးအမြတ် ရယူခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဆွေမျိုးတွေနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကိုရော သူ့ရဲ့ ပိုင်ဆိုင်မှုတွေကိုပါ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က ပြည်တွင်းကနေ တာကာငွေ ၅၇၀ ဘီလီယံနဲ့ ပြည်ပကနေ တာကာငွေ ၁၉၀ ဘီလီယံကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ မိုဟာမက်မာမွန်းက ဟာဆီနာနဲ့ ဆက်စပ်သူတွေကို အမှုပေါင်း ၉၈ မှု ဖွင့်လှစ်စစ်ဆေးနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
မာမွန်းက “ပြည်ပကို ခိုးထုတ်သွားတဲ့ ငွေတွေကို ပြန်လည်ရရှိဖို့ ကြိုးစားနေဆဲဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းမှာ သတင်းကောင်းပါးနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဟာဆီနာဟာ အဂတိလိုက်စားမှုတွေ အပါအဝင် အမှုပေါင်းများစွာနဲ့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသလို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက်လည်း သေဒဏ်အမိန့် ချမှတ်ခံထားရတာပါ။
ဟာဆီနာကို လွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အိန္ဒိယအစိုးရကို တောင်းဆိုထားပါတယ်။










