
ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား ချစ်ကြည်ရေး သင်္ကေတအဖြစ် တည်ဆောက်မဲ့ ဆေးရုံသစ် အုတ်မြစ်ချပွဲကို ရုရှားအစိုးရဝန်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံ KRT က ဧပြီ ၂၃ ရက်မှာ ထုတ်လွှင့်ပါတယ်။
ဒီအခမ်းအနားကို ဝမ်ဆန်မြို့မှာ ဧပြီ ၂၂ ရက်က ကျင်းပခဲ့တာဖြစ်ပြီး ရုရှားကျန်းမာရေးဝန်ကြီး မီခေးလ်မူရက်ရှ်ကိုနဲ့ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး အလက်ဆန်ဒါ ကို့ဇ်လော့ဗ်တို့ တက်ရောက်ခဲ့ကြပါတယ်။
KRT က ထုတ်လွှင့်တဲ့ ရုပ်သံမှာတော့ ဝန်ကြီး မူရက်ရှ်ကိုက မိန့်ခွန်းပြောကြားတာနဲ့ အုတ်မြစ်ချဖို့ မြေကို ထိုးကော်ပေးနေတာတွေကို မြင်တွေ့ရပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားဟာ ၂၀၂၂ ခုနှစ် ယူကရိန်းကို ရုရှား ကျူးကျော်တိုက်ခိုက်ပြီးကတည်းက ဆက်ဆံရေး ပိုမိုနီးကပ်လာခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင် ပြုံယမ်းကို သွားရောက်ခဲ့ချိန်မှာလည်း အပြန်အလှန် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ပါဝင်တဲ့ “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ်” ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီစာချုပ်ပါ အချက်အလက်တွေအရ ယူကရိန်းတပ်ဖွဲ့တွေ ရုရှားအနောက်ပိုင်း ကာ့ခ်စ်ဒေသထဲကို အလုံးအရင်းနဲ့ ဝင်ရောက်လာပြီးနောက်ပိုင်းမှာ မြောက်ကိုရီးယားက စစ်သည်အင်အား ၁၄,၀၀၀ လောက်ကို ရုရှားတပ်တွေနဲ့အတူ တိုက်ပွဲဝင်ဖို့ စေလွှတ်ပေးခဲ့ပါတယ်။
Source: Reuters










