
အစ္စလာမ်မာဘတ်မြို့ရှိ အစိုးရပိုင် ပါကစ္စတန် ဆေးသိပ္ပံတက္ကသိုလ် (PIMS) မှာ ဩဂုတ် ၂၆ ရက်က လေအေးပေးစနစ် ချို့ယွင်းရာကနေ မီးလောင်မှုဖြစ်ပွားခဲ့လို့ အနည်းဆုံး မွေးကင်းစကလေး ၁၅ ယောက် သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း Geo TV သတင်းဌာနက ဖော်ပြပါတယ်။
မီးဟာ မနက် ၇ နာရီလောက်မှာ ပါကစ္စတန် ဆေးဘက်ဆိုင်ရာ သိပ္ပံဗဟိုဌာန (PIMS) ရဲ့ မိခင်နဲ့ ကလေး ကျန်းမာရေးဆောင် ၃ ထပ်မြောက်မှာ စတင်လောင်ကျွမ်းခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။
မီးလောင်ချိန်မှာ အဲဒီလူနာဆောင်ထဲ မွေးကင်းစကလေး ၁၆ ယောက်ရှိနေခဲ့ပြီး တယောက်ကိုပဲ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဂျီအိုသတင်းက ဖော်ပြပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ အမည်မဖော်လိုသူ အဖေဖြစ်သူကတော့ သူ့သမီးကိုတောင် ကြည့်ခွင့်မရခဲ့ပါဘူးလို့ ပြောပါတယ်။
ဒါ့ပြင် ဌာနတွင်း အခြေအနေတွေကို ဝေဖန်ခဲ့ပြီး မီးဘေးလုံခြုံရေး အစီအမံနဲ့ ထွက်ပေါက်တွေ သေချာမရှိကြောင်း၊ တံခါးအများစုကို ပိတ်ထားပြီး ကလေး လာကြည့်တဲ့ မိသားစုတွေအတွက် ဝင်ပေါက်တခုတည်းပဲ ဖွင့်ပေးထားကြောင်း ပြောပါတယ်။
ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်က တာဝန်ရှိသူတွေကို ချက်ချင်း စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
“တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်ပြီး အပြင်းထန်ဆုံး အရေးယူရမယ်” လို့ ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လူနာတင်ယာဉ်တွေ ဆေးရုံအပြင်ဘက်မှာ ရောက်ရှိနေပြီး မီးလောင်ခဲ့တဲ့ ဌာနကို ကြိုးဝိုင်းတား ပိတ်ဆို့ထားပါတယ်။
ဒီဖြစ်စဉ်ဟာ ပါကစ္စတန်နိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း အသေအပျောက်အများဆုံး ဆေးရုံမီးလောင်မှု တခုပါ။ ပါကစ္စတန်မှာ အစိုးရကျန်းမာရေးစောင့်ရှောက်မှုကို ထောက်ပံ့ကြေး ပေးထားပေမဲ့ အဆောက်အအုံနဲ့ ပစ္စည်းကိရိယာတွေ မလုံလောက်ဘဲ ဝန်နဲ့အား မမျှမတဖြစ်နေသလို၊ အစိုးရဆေးရုံတွေကို စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်လို့ စောင့်ကြည့်လေ့လာသူတွေက မကြာခဏ ဝေဖန်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့အပတ်က ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း ခဏတာ ဆေးကုသမှုခံယူခဲ့တဲ့ PIMS ဆေးရုံဟာ အစ္စလာမာဘတ်မြို့ရဲ့ ဗဟိုချက်မှာ တည်ရှိပြီး မြို့ရဲ့ ပင်မ အစိုးရဆေးရုံကြီးတွေထဲက တခုလည်း ဖြစ်ပါတယ်။











