
ယတြာခေါင်းလောင်းကို သားစဉ်မြေးဆက် ထိန်းသိမ်းခဲ့ပြီး ၂၀၂၅ ခုနှစ်က အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရထံ အပ်နှံခဲ့တဲ့ ဦးထွန်းအောင်ကို ရက္ခိုင်သမိုင်းသုတေသနအဖွဲ့ (AHRS) က မတ် ၃ ရက်မှာ ရက္ခိုင့်အမျိုးသား သစ္စာစောင့်သိမှု စံပြဆုကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ယတြာခေါင်းလောင်းကို မြောက်ဦးခေတ် နရပတိကြီး (၁၆၃၈-၁၆၄၅) မင်းလက်ထက်မှာ သွန်းလုပ်ခဲ့တာဖြစ်ပြီး ဦးထွန်းအောင် (၈၄ နှစ်) ဟာ သူ့အသက် ၂၅ နှစ်အရွယ် လွတ်လပ်ရေး ရပြီးကာစ ကာလကတည်းက သူရဲ့အဘိုးနဲ့ ဖခင်ထံက လက်ဆင့်ကမ်း စောင့်ရှောက်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရထံ အပ်နှံခဲ့တာ ဖြစ်ပါတယ်။
ရက္ခိုင်သမိုင်းသုတေသနအဖွဲ့ (AHRS) က ချီးမြှင့်တဲ့ ရက္ခိုင့်အမျိုးသား သစ္စာစောင့်သိမှု စံပြဆုမှာ ရွှေတကျပ်သားနဲ့ ပြုလုပ်ထားတဲ့ ရွှေခွက်တခုကို ချီးမြှင့်ပေးခဲ့တာဖြစ်ပြီး ခေါင်းလောင်းတူးဖော်ပြီး ကာလကလည်း အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရက ဦးထွန်းအောင်ကို ကျပ်သိန်း ၅၀၀ ဆု ချီးမြှင့်ခဲ့ပါသေးတယ်။
အဲဒီ ယတြာခေါင်းလောင်းကို ရရှိနိုင်ဖို့အတွက် ဖဆပလခေတ်ကလည်း အာဏာပိုင်တွေက ဦးထွန်းအောင်ထံ ကျပ်သိန်း ၂၀၀၊ တိုက်တဆောင်၊ ကားတစီးနဲ့ မက်လုံးပေးပြီး ခေါင်းလောင်းကို ထုတ်ပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း ထုတ်ပေးခဲ့တာ မရှိခဲ့ဘူးလို့ ဦးထွန်းအောင်က ရခိုင်အခြေစိုက် DMG သတင်းဌာနနဲ့ ဇန်နဝါရီလက သီးသန့်အင်တာဗျူးတခုမှာ ဖြေကြားထားပါတယ်။
ယတြာခေါင်းလောင်းမှာ အမြင့် ၈၆ စင်တီမီတာ၊ အောက်ခြေအချင်း ၆၅ စင်တီမီတာ၊ အောက်ခြေအဝန်း ၂၀၇ စင်တီမီတာ၊ အနားအထူ ၄ စင်တီမီတာ၊ ကိုယ်ထည်အဝန်း ၁၆၀ စင်တီမီတာနဲ့ ကိုင်းလုံးပတ် ၂၄ စင်တီမီတာရှိတဲ့ ကြေးသွန်းခေါင်းလောင်းကြီးမှာ ပါဠိ၊ သက္ကတနဲ့ ရက္ခဝဏ္ဏ ဘာသာစကား ၃ မျိုးနဲ့ ရေးထိုးထားကာ အင်း၊ အိုင်၊ ခါးလှည့် သုံးမျိုး ပါဝင်တယ်လို့ ရခိုင်သမိုင်းသုတေသီတွေက ပြောပါတယ်။
ဆွစ်ဇာလန်လူမျိုး ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာ အီမန်နျူရယ် ဖော်ခမ်းမားရဲ့ မှတ်တမ်းတွေအရ အဲဒီ ယတြာခေါင်းလောင်းဟာ ကျောက်တော် မဟာမုနိဘုရားကုန်းမှာ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ယတြာခေါင်းလောင်းကို ရှေးခေတ် ရခိုင်ဘုရင်တွေ လက်ထက်တွေတုန်းက ပြည်ပရန်နဲ့ ရင်ဆိုင်ရတဲ့အခါ တီးခတ်ဖို့ အထူးစီမံသွန်းလုပ်ထားခဲ့ကြတာလို့လည်း ရခိုင်သမိုင်းသုတေသီတွေက ပြောဆိုကြပါတယ်။










