ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့၊ ချတ်တူချတ်ခရိုင်၊ လတ်ဖယောင်းရပ်ကွက် ထဲက လူတွေအပြည့် စည်ကားနေတဲ့ ဘီယာဆိုင်ကြီးတဆိုင်မှာ သန်းခေါင်ယံအချိန် မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူပေါင်း ၃၀ လောက် သေဆုံးသွားခဲ့ရတယ်လို့ Thai PBS သတင်းမှာ ဇူလိုင် ၁၂ ရက်က ဖော်ပြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အချက်အလက်တွေအရ လက်ရှိအချိန်အထိ သေဆုံးသူ တွေထဲမှာ အမျိုးသမီး ၁၇ ယောက်နဲ့ အမျိုးသား ၈ ယောက်ပါဝင်နေတာကို အတည်ပြုနိုင်ခဲ့ပေမဲ့ ကျန်ရှိနေတဲ့ သေဆုံးသူတွေကတော့ ဘယ်သူဘယ်ဝါဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
လတ်ဖယောင်းလမ်းသွယ် ၁ အနီးက Rong Beer Na Ladprao လို့ ခေါ်တဲ့ ဘီယာဆိုင်ကြီးမှာ မီးလောင်မှု ဖြစ်ပွားနေကြောင်း ရဲတပ်ဖွဲ့ဆီ သန်းခေါင်ယံအချိန်လောက်က သတင်းပေးပို့ချက် ရရှိခဲ့ပါတယ်။
မီးသတ်သမားတွေနဲ့ ကယ်ဆယ် ရေးလုပ်သားတွေဟာ ဖြစ်ပွားရာနေရာဆီ ချက်ချင်း အပြေးအလွှား သွားရောက်ခဲ့ကြပြီး ပိတ်မိနေတဲ့ ပြည်သူအတော်များများကို ဘေးလွတ်ရာဆီ ကယ်ထုတ်ပေးခဲ့ ရသလို ဒဏ်ရာရရှိခဲ့သူတွေကိုတော့ အနီးနားက ဆေးရုံတွေဆီ ချက်ချင်း ပို့ဆောင် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားရာနေရာက တိုက်ရိုက်ထုတ်လွှင့်ချက် ဗီဒီယိုမှတ်တမ်းတွေထဲမှာတော့ ရဲအရာရှိက သတိလစ်နေသူတယောက်ကို အသက်ပြန်ရှူလာနိုင်အောင် အရေးပေါ် နှလုံးနှိုးဆော်နည်း (CPR) လုပ်ပေးဖို့ ကြိုးပမ်းနေတာကို တွေ့ရသလို ပြည်သူတွေကလည်း ထိတ်လန့်တကြား အော်ဟစ်ကာ အဲဒီဘီယာဆိုင်ထဲကနေ ထိတ်လန့်တုန်လှုပ်စွာနဲ့ အလုအယက် ပြေးထွက်လာကြတာကိုလည်း မြင်တွေ့ရပါတယ်။
သေဆုံးသူ အများစုကိုတော့ အဲဒီစားသောက်ဆိုင်ရဲ့ အိမ်သာတွေထဲမှာ ပိတ်မိပြီး သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့ရတာလို့ သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ မီးလောင်မှုကိုတော့ အချိန် ၄၅ မိနစ်လောက်အကြာမှာ ထိန်းချုပ်နိုင်ခဲ့ပြီး အဲဒီနောက်မှာတော့ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးသမားတွေဟာ မီးကြောင့် တဆိုင်လုံး ပြာကျပျက်စီးသွားခဲ့ရတဲ့ အဆိုပါစားသောက်ဆိုင်ထဲကို ဝင်ရောက်ပြီး ရှာဖွေမှုတွေ ဆက်လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကူးလ် ကိုယ်တိုင်လည်း အခင်းဖြစ် ပွားရာနေရာဆီ သွားရောက်ကြည့်ရှုခဲ့ပြီး လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေရဲ့ ရှင်းလင်းတင်ပြချက်ကို နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။










