DVB Logo
Home
နိုင်ငံတကာ
ထိုင်းနိုင်ငံသား ကျားဖြန့် ၉၂ ဦးကို လာအိုနိုင်ငံမှ ပြန်ပို့ 
DVB
·
September 2, 2026
Photo: MGROnline
Photo: MGROnline
Donate to DVB

လာအိုနိုင်ငံမှာ ကျားဖြန့် အွန်လိုင်းငွေလိမ်မှုနဲ့ ဖမ်းဆီးအရေးယူခံရပြီး လွတ်ရက်စေ့တဲ့ ထိုင်းနိုင်ငံသား ၉၂ ယောက်ကို စက်တင်ဘာ ၁ ရက်က နေရပ် ထိုင်းနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ 

သူတို့ကို လာအိုနိုင်ငံ၊ ဟွေ့ဆိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က စက်တင်ဘာ ၁ ရက်မှာ လာအိုနိုင်ငံ ဟွေ့ဆိုင်းနဲ့ ထိုင်းနိုင်ငံ ကျိန်းခေါင်မြို့နယ်ကြား နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် ၄ မှာ လာရောက်ပို့ဆောင်ခဲ့ပြီး ထိုင်းဘက်ခြမ်းက ချင်းရိုင်ခရိုင် လဝက ရဲတပ်ဖွဲ့နဲ့ ခရိုင်လုံခြုံရေးကောင်စီ  တာဝန်ရှိသူတွေက သွားရောက်လက်ခံခဲ့ပါတယ်။ 

အဆိုပါထိုင်းနိုင်ငံသား ၉၂ ယောက်ဟာ လာအိုနိုင်ငံမှာ အွန်လိုင်းလောင်းကစားမှု၊ ငွေလိမ်မှုတွေအပြင် နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုတွေနဲ့ပါ ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။ 

ထိုင်းဘက်ခြမ်းက ထပ်မံစစ်ဆေးမေးမြန်းရာမှာ လူကုန်ကူးခံရသူတယောက်မှ မရှိဘဲ လစာကောင်းမဲ့ အလုပ်ရမယ်ဆိုလို့ ကိုယ့်သဘောနဲ့ကို ဝင်သွားသူတွေ ဖြစ်ပါတယ်။

လာအိုနိုင်ငံမှာ တလကို ဘတ် ၁၈,၀၀၀ ကနေ ၂၅,၀၀၀ ထိရမဲ့ အလုပ်ရှိတယ်။ နေဖို့နဲ့ စားဖို့ စရိတ်ငြိမ်းလို့  LINE  လူမှုကွန်ရက်မှာ ကြော်ငြာတာကြောင့် ဝင်သွားတာ၊ ဟိုရောက်မှ ကျားဖြန့် အလုပ်မှန်း သိရတယ်။ တချို့က အလုပ်တောင် မလုပ်ရသေးခင်မှာ အဖမ်းခံရတာလို့ ဆိုပါတယ်။ 

ဆက်လက်စစ်ဆေးချက်အရ အမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၄ ယောက်၊ ပေါင်း ၁၅ ယောက်ဟာ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊  ငွေလိမ်မှု၊ ဘဏ်စာရင်း အငှားဖွင့်ပေးမှုတွေနဲ့ ထိုင်းရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ဝရမ်းပြေးတွေ ဖြစ်တယ်လို့  ရဲတပ်ဖွဲ့က ပြောပါတယ်။ 

နောက်နောင်ကို အွန်လိုင်းက ဝင်ငွေကောင်းတယ်လို့ ပြောတဲ့အလုပ်တိုင်းကို မယုံကြည်ဖို့၊ မိမိလုပ်ရမဲ့ အလုပ်အကိုင်နဲ့ အချက်အလက်တွေကို ကောင်းစွာလေ့လာစုံစမ်းဖို့ လိုအပ်ကြောင်း၊ သို့မဟုတ်ပါက အခုလို အလိမ်ခံရတာတွေ ဖြစ်နိုင်တယ်၊ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေ ယူပြီး အသုံးချခံရမယ်။ အထူးသဖြင့် မိမိအမည်နဲ့ ဘဏ်စာရင်းဖွင့်တာတွေ ကြုံရနိုင်တယ်လို့  ချင်းရိုင်းခရိုင်ရဲတပ်ဖွဲ့က သတိပေးပြောကြားပါတယ်။ 

လာအိုနိုင်ငံမှာ လတ်တလော ကျားဖြန့်အွန်လိုင်းလိမ်လည်မှုတွေ စဉ်ဆက်မပြတ် ဖမ်းဆီးနှိမ်နင်းနေတာမှာ ဒီကနေ့ စက်တင်ဘာ ၂ ရက်မှာလည်း ဘော်ကယောက်ခရိုင် ဥဒုမ်းဆိုင်း၊ မိုင်းဟွန်နဲ့ ဘန်ဘဲန်မြို့နယ်  နေရာပေါင်း ၃ နေရာမှာ နိုင်ငံစုံက ကျားဖြန့်လုပ်ကိုင်သူ စုစုပေါင်း ၅၂ ယောက် ဖမ်းဆီးရမိတယ်လို့  မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ ၅၂ ယောက်မှာ အမျိုးသား ၄၆ ယောက်၊ အမျိုးသမီး ၆ ယောက်ဖြစ်ပြီး တရုတ်နိုင်ငံသား ၂၅ ယောက်၊ ဗီယက်နမ် ၁၇ ယောက်၊ လာအို ၇ ယောက်၊ မလေးရှား၊ မြန်မာ၊ တူရကီတို့က တယောက်စီ ပါဝင်တယ်။ သူတို့နဲ့အတူ ကွန်ပျူတာ ၂၇ လုံး၊ လက်ပ်တော့ပ် ၁ လုံး၊ ဖုန်း ၂၁ လုံးနဲ့ ဝိုင်ဖိုင် စတားလင့်ခ် ၃ စုံပါ ဖမ်းဆီးရမိခဲ့ပါတယ်။ 

သူတို့တွေဟာ ရွှေတြိဂံနယ်မြေစီးပွားရေးဇုန်မှာ အလုပ်သွားလုပ်မယ်ဆိုပြီး မဲခေါင်မြစ်ကနေ လှေစီးကာ လာအိုနိုင်ငံကို ဝင်ရောက်ပြီးနောက် နိုင်ငံအတွင်းပိုင်းမှာ အွန်လိုင်းလိမ်လည်မှုတွေ ကျူးလွန်တာလို့ လာအိုပြန်ကြားရေးဌာနက ထုတ်ပြန်ချက်ကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source: CH7 TV News / MGR Online 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013