DVB Logo
Home
Lead Story
မဲဆောက်မှာ ငရဲပွက်နေတဲ့ မြန်မာ
လင်းဆက်ငြိမ်းချမ်း
·
October 22, 2026
မဲဆောက်မှာ ငရဲပွက်နေတဲ့ မြန်မာ
Donate to DVB

ဒုက္ခတွေ အဆုပ်လိုက် ပွင့်နေတဲ့ သောင်ရင်းမြစ်သေးသေးဘေးက မဲဆောက်မြို့လေးရဲ့ မနက်ခင်းဟာ ရှေ့တလှမ်း ဘယ်လိုရွှေ့ရမလဲ ဆိုတာတောင် မေ့သွားတယ်။

အဆင်မပြေတဲ့ဘဝတွေထဲကို အမိန့်သံခပ်ပြင်းပြင်းတွေက ခြေသံပြင်းပြင်းနဲ့ စီးနင်းကာ အဆင်မပြေတဲ့ မနက်ခင်းအဖြစ် ချက်ချင်းကွေ့ချလိုက်တယ်။

မနက် ၆ နာရီဆိုတာ ခပ်စောစောထတဲ့ သက်ကြီးပိုင်းတွေအတွက်တောင် စိပ်ပုတီးထဲကို အာရုံနှစ်ကာ လက်နောက်ပစ် လမ်းလျှောက်ခါစ။ တချို့လည်း အခုမှ အိပ်ရာထ ဆေးလိပ်လေး တဖွာ တရှိုက်နဲ့ အိမ်သာထဲ အရင်ဝင်ရင် ကောင်းမလား၊ မျက်နှာအရင်သစ်မလားလို့ ခပ်လေးလေး တွေးခါစ၊ လုပ်ငန်းခွင်ဝင်မဲ့သူတွေက အပျင်းကြော အခါခါဆန့် မျက်လုံးကို မဖွင့်ချင် ဖွင့်ချင်နဲ့ အီလေးဆွဲခါစ။

အလုပ်လက်မဲ့တွေအတွက်ကတော့ ညသန်းခေါင်ကျော်တောင် လူမှုကွန်ရက်ပေါ် မျောလို့ကောင်းတုန်းမို့ မနက် ၆ နာရီဆိုတာ ဟောက်သံပြင်းလို့ ကောင်းတုန်း။ ‘ရှိတဲ့လူအကုန် အပြင်ထွက်’ ဆိုတဲ့ အသံခပ်ပြင်းပြင်းက တိတ်ဆိတ်နေဆဲ မနက်ခင်းကို ထိုးခွဲလိုက်တော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လည်နေတဲ့ မနက်ခင်းဟာ ဝရုန်းသုန်းကား ဖြစ်ကုန်တယ်။

“ကြောက်ကြောက်နဲ့ တိုက်အောက်ကို ငုံ့ကြည့်လိုက်တော့ ယူနီဖောင်းဝတ် ၃၀ ကျော်လောက် တွေ့ပြီး လန့်သွားတယ် ”လို့ မဲဆောက်ကနေ ပြေးစရာမြေမရှိသေးတဲ့ အမျိုးသမီးတဦးက ဆိုတယ်။

ထိုင်းရဲတွေက ထိုင်းဘာသာစကားနဲ့ အမိန့်ပေးပြီး တိုက်ခန်းတွေထဲက အခန်းတွေထဲထိ ဝင်ရောက်လာကာ ရှိသမျှလူ အကုန် အပြင်ခေါ်ထုတ်တယ်။ တိုက်အပြင်ဘက် လမ်းပေါ်မှာ မတူညီတဲ့ ယူနီဖောင်းဝတ်တွေနဲ့၊ တချို့လည်း သေနတ်တွေဘာတွေနဲ့။ မြန်မာအယောက် ၅၀၀ ကျော် နေထိုင်နေတဲ့ မဲဆောက်မြို့ မယ်ပရပ်ကွက်က နာမည်ကျော် မာလွေတိုက်တန်းမှာ  ထိုင်းအာဏာပိုင်တွေရဲ့ အရုဏ်ဦးစစ်ဆင်ရေးက အောက်တိုဘာ ၁၉ ရက် မနက်ကို ပွက်ပွက်ဆူလို့။

“ကျနော်က ထောင်ထဲမှာ တလာစီတာကို သတိရမိတယ်” လို့ မာလွေတိုက်တန်းမှာနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောတယ်။

တလာစီတယ် ဆိုတာက ထောင်ဥပဒေနဲ့ ငြိစွန်းတဲ့ ကန့်သတ်ပစ္စည်းတွေကို ထောင်အာဏာပိုင်တွေက ရှာဖွေ ဖော်ထုတ်သိမ်းဆည်းတာကို ခေါ်တာ။ မနက်ခင်း ၅ နာရီကျော်အချိန် တန်းမဖွင့်မီ (ထောင်ထဲရှိ အကျဉ်းသားများ နေထိုင် အိပ်စက်ရာ အခန်းမဖွင့်မီ) ထောင်အာဏာပိုင်တွေ အလစ်အငိုက်ရောက်ချလာကာ အခန်းဝမှာ အကျဉ်းသားတဦးချင်းစီရဲ့ ခန္ဓာကိုယ်ကို လှန်လှောရှာဖွေပြီးနောက် အခန်းအပြင်ဘက်မှာ တန်းစီကာ ဆောင့်ကြောင့်ထိုင်စေ။ အခန်းတွေထဲ အကျဉ်းသားတွေ ကုန်သွားမှ အခန်းထဲက ရှိသမျှပစ္စည်းတွေကို ဗြောင်းဆန်နေအောင် မွှေနှောက်တော့တာ။

“ဒီမှာကတော့ တိုက်ထဲက ရှိသမျှလူ အကုန် အပြင်ခေါ်ထုတ်ပြီး ထိုင်ခိုင်းထားတာ။ ပစ္စည်းတွေ မရှာဘူး၊ လူကို မရှာဘူး။ တရားဝင်နေထိုင်ခွင့် အထောက်အထားကတ် မရှိတဲ့သူတွေကိုပဲ သီးသန့်ဖယ်ထုတ်ပြီး ကားပေါ်တင်သွားတာ” လို့ သူက ပြောပြတယ်။

မာလွေတိုက်တန်း ဆိုတာက မျက်နှာချင်းဆိုင် တိုက်ခန်း ၃၇ ခန်းနဲ့ ဖွဲ့စည်းထားတဲ့ နေရာ။ တိုက်ခန်းတခန်းက အိပ်ခန်း ၄ ခန်းပါတဲ့ ၄ ထပ်တိုက်။ အပေါ်ဆုံးထပ်က ဟောပုံစံ။ တလ ငှားရမ်းခက ဘတ် ၈,၀၀၀ နဲ့ အားလုံးစုဖွဲ့ ငှားရမ်းနေထိုင်ကြတဲ့နေရာ။ ပိုက်ဆံတတ်နိုင်တဲ့ မိသားစုက အိပ်ခန်းယူ၊ မတတ်နိုင်တဲ့ လင်မယားတွေက အပြင်မှာ အများနဲ့ ဖြစ်သလို။ တကိုယ်တော် လူလွတ်တွေကတော့ တလ ဘတ် ၅၀၀ လောက်နဲ့ ကျောတခင်းစာ အဆင်ပြေတယ်ဆိုရုံ။ မာလွေတိုက်တန်းကို တစုံလုံး ခြုံပြောရရင် မြန်မာရွှေ့ပြောင်းလုပ်သားပင် မရှိဘဲ တိမ်းရှောင်မြန်မာတွေချည်း။ သက်ပြင်းတွေ၊ အဆင်မပြေမှုတွေနဲ့ လုံးထွေးနေကြတဲ့ နေရာ။ အဲဒါကြောင့်လည်း မဲဆောက်မှာ တခုခု မွှေနှောက်စရာရှိပြီဆိုရင် မာလွေသည် ထိုင်းအာဏာပိုင်တို့အတွက် ထီးထီးကြီး ပစ်မှတ်ကြီး။

အထောက်အထားမရှိပေမဲ့ ကလေးငယ်လေးတွေနဲ့ အမျိုးသမီးတွေကို ချန်ထားခဲ့တယ်။ ဖမ်းဆီးခံရသူ စုစုပေါင်း ၅၀ ဝန်းကျင်။ ရဲစခန်းရောက်ပြီးမှ သူကြီးကတ်ရှိတဲ့သူတွေကို ပြန်လွှတ်ပေးတာကြောင့် အမှန်တကယ် ဖမ်းဆီးခံရသူ ၇ ယောက်လို့ ဆိုတယ်။

အောက်တိုဘာ ၁၇ ရက် မနက်စောစောကလည်း ရွှေ့ပြောင်းမြန်မာတွေ တင်းကျမ်းပြည့်နေတဲ့ ထုံထောင်းရပ်ကွက်ထဲ ထိုင်းအာဏာပိုင်တွေ ဝင်ရောက်ဖမ်းဆီးရာမှာ အထောက်အထားမဲ့ ၂၀၀ ဝန်းကျင် ရဲစခန်းထဲ ပါသွားတယ်။ ကလေးနဲ့ သက်ကြီးပိုင်းတွေကို ပြန်လွှတ်ပေးပြီး ၈၅ ဦးကို ဆက်လက် ဖမ်းဆီးထားတယ်လို့ ဆိုတယ်။

ထုံထောင်းပြီးတော့ မာလွေ၊ ဆက်တိုက်ဆိုသလို အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းဖမ်းဆီးတဲ့ ၂၀၂၆ အရုဏ်ဦးစစ်ဆင်ရေး ဆိုတာ အရင်နှစ်တွေကနဲ့မတူဘဲ ပွဲကြမ်းနေတာကြောင့် မဲဆောက်က မြန်မာတွေကြား အလှုပ်ကြီး လှုပ်သွားတယ်။ အထူးသဖြင့် တရားဝင်အထောက်အထား ဘာမှမရှိတဲ့ မြန်မာတွေရဲ့ကြား နောက်တရက် အရုဏ်ဦးမှာ ကိုယ့်တန်းလျားရှေ့ ထိုင်းအာဏာပိုင်တွေ ရောက်နေမလားဆိုတဲ့အတွေးက ကဆုန်စိုင်းနေတော့တယ်။

အောက်တိုဘာ ၂၀ ရက် မနက်မှာ ဟုန်ဖိုင်ထဲလည်း ဝင်တယ်။ မမွှေးဈေးအနောက်က ရပ်ကွက်ထဲလည်း ဝင်စီးတယ်။ မဲဆောက်တခွင် ဂိတ်ချစစ်ဆေးမှုတွေလည်း သိပ်များနေတာကြောင့် အရုဏ်ဦး စစ်ဆင်ရေးဆိုတာ အရှိန်ကောင်းနေတုန်း။ ဖေ့စ်ဘွတ်ခ်ပေါ်က မဲဆောက် မြန်မာ ဂရုပ်တွေပေါ် အပြင်မထွက်ကြဖို့ နှိုးဆော်သံတွေကိုလည်း ဆက်တိုက်ကြားရတယ်။

အရုဏ်ဦးစစ်ဆင်ရေး ဆိုတာက တရားမဝင်ဖမ်းဆီးရေးတင်မက တရားမဝင်လုပ်သား၊ ကျားဖြန့်၊ မူးယစ်ဆေး၊ လက်နက် စတာတွေပါ စီးရီးလိုက် ပါနေလေတော့ မဲဆောက်ဈေးမှာ ခေါင်းရွက် ဗျပ်ထိုး တနေ့ရောင်း တနေ့စား မြန်မာဈေးသည်တွေလည်း ကိုယ့်ဘဝကိုယ် ခဏရပ်ထားကာ ရေသောက် ဗိုက်မှောက် ကြိတ်ခံရတော့တယ်။

“အခု အလုပ်မဆင်းရဲတဲ့ အလုပ်သမားတွေ တော်တော်များတယ်” လို့ ကိုယ်တိုင်လည်း အလုပ်မဆင်းတဲ့ CDM အမျိုးသမီးတယောက်က ပြောတယ်။ မဲဆောက်မှာ အလုပ်လုပ်နေသူ အများစုက နေ့စားသမားသာ များတာမို့ သူတို့သည်လည်း လုပ်ခမရှိတဲ့နေ့တွေကို ကြံ့ကြံ့ခံဖို့ အထုပ်ဖြည်ရတော့တယ်။

မဲဆောက်မှာ အထောက်အထား ပြည့်ပြည့်စုံစုံ ရှိတဲ့သူတွေလည်း များတယ်။ ဒါပေမဲ့ ကိုယ့်အိမ်ထဲ ဝင်စစ်လို့ လက်တော့ပ်မြင်ရင် ကျားဖြန့်သံသယနဲ့ ရဲစခန်းရောက်သွားနိုင်တာကြောင့် အထောက်အထားရှိလည်း ကြောက်ရပြန်တယ်။

ဘာပဲဖြစ်ဖြစ် တရားဝင်နေထိုင်ခွင့် အထောက်အထား လုပ်ထားကြဖို့ကောင်းတယ်လို့ တချို့လည်း အကြံပြုကြတယ်။ တကယ်လည်း အထောက်အထားရှိရင် မရှိတဲ့သူတွေထက် ဘာပဲဖြစ်ဖြစ် အပုံကြီး စိတ်အေးရတာလည်း ဟုတ်တယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ထမင်းနပ်မှန်ရေးအတွက်  အသည်းအသန် ရုန်းကန်နေသူတွေက အိပ်မက်ဟာ အိပ်မက်ပဲ ဘယ်တတ်နိုင်ရှာမလဲ။

တရားဝင်အထောက်အထားလုပ်ဖို့ ငွေကြေးတတ်နိုင်သူတွေလည်း များတယ်။ ဒါပေမဲ့ ပြဿနာက ဥပမာ- ပန်းရောင်ကတ်လို ဆိုတာမျိုးက များသောအားဖြင့် တနှစ်မှာ တကြိမ်သာ ဖွင့်ပေးတာ။ ထိုင်းနိုင်ငံထဲကို ကိုယ်ရောက်တဲ့အချိန်က ပန်းရောင်ကတ်လုပ်ခွင့် ဖွင့်ထားပေးချိန်နဲ့ တိုက်ဆိုင်ရင်တော့ အိုကေပေါ့။ အဲဒီလိုမှမဟုတ်ဘဲ ထိုင်းနိုင်ငံထဲ ကိုယ်ရောက်တဲ့အချိန်မှာ ပန်းရောင်ကတ် လုပ်ခွင့်ပြီးသွားပြီဆိုရင် နောက်တနှစ်ဖွင့်ချိန်အထိ တရားမဝင်နေထိုင်သူအဖြစ်နဲ့ စောင့်ပေးဦးတော့ မဟုတ်လား။

၂၀၂၆ ခုနှစ် ပထမ ၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံထဲ ဝင်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့အစည်း IOM က  ထုတ်ပြန်ခဲ့ဖူးတယ်။ ဆိုတော့ အဲဒီ ၇ သိန်းထဲမှာ ငွေတတ်နိုင်ပေမဲ့ ကတ်လုပ်ခွင့် မရသေးတာကြောင့် တရားမဝင်အဖြစ်နဲ့ စောင့်ဆိုင်းနေရသူတွေ ဘယ်လောက်တောင် များနေလေသလဲ။ ထား။

ဘာပဲဖြစ်ဖြစ် လောလောဆယ် အရုဏ်ဦးမုန်တိုင်းက မဲဆောက်မှာ ဝုန်းဒိုင်းကြမ်းနေတာမို့ အခု နောက်ဆုံးသိရတဲ့သတင်းက မြန်မာရွှေ့ပြောင်းကျောင်းတချို့တောင် ယာယီပိတ်ထားတယ်လို့ ဆိုတယ်။

မဲဆောက် ကျွမ်းကျင်သူတွေက နောက်တပတ်လောက်ဆို ပုံမှန်အခြေအနေဘက် ခြေဦးပြန်လှည့်လာမှာလို့ ခန့်မှန်းတယ်။ ပုံမှန်အခြေအနေဘက် ပြန်မရောက်ခင် ကိုယ်မပါသွားဖို့ လိုတယ်လို့လည်း တရားမဝင်တွေက တရားမဝင်တွေဆီ လှမ်းအားပေးကြတယ်။

အထောက်အထားအပြည့်အစုံနဲ့ ကြောက်တတ်တဲ့ ကျနော့်အိမ်နီးချင်း မိတ်ဆွေကြီးကတော့ အဖမ်းအဆီး ကာလတွေမှာ ပြုမြဲအတိုင်း ရှက်ကီနဲ့သင်းနေတဲ့ ဂီတာသံရပ်ကာ ဘုရားရှိခိုးသံ ပိုကျယ်လာတော့တယ်။

အရုဏ်ဦးစစ်ဆင်ရေးမို့ မနက်စောစောတွေမှာ ပြဿနာရှိတယ်။ အရုဏ်ဦးဆိုပေမဲ့ နေ့ခင်းနဲ့ ညဦးပိုင်းတွေမှာ ဝင်မဖမ်းဘူးလို့ရော ဘယ်သူက အာမခံပေးနိုင်မလဲ။ ပြေးစရာမြေ မရှိတော့လည်း ဒီလိုပဲ မဲဆောက်မှာ ဝပ်ကျင်းထဲက လုံးဝမထွက်။ မနက်ခင်း မျက်လုံးပွင့်တာနဲ့ ဖေ့စ်ဘွတ်ခ်ကို ကပျာကယာဖွင့်ကာ ငရဲပန်းပွင့်နေတဲ့ အရုဏ်ဦးဟာ ဒီမနက် ဘယ်နေရာ ဝင်ကြမ်းသွားပြန်ပြီလဲလို့ လှမ်းထောက်ကြရတယ်။

ဒီလိုပဲ၊ ဖြစ်သလို ကြုံသလို ကိုယ်တတ်နိုင်တဲ့နည်းတဲ့ တောင့်ခံရတာပဲ။ လက်သီးဆုပ် မဖြေကြနဲ့။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013