
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်း-ပုသိမ်ကားလမ်းပေါ်မှာ ကုန်တင်ကား ၁ စီးနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အပါအဝင် အရပ်သား ၃ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၉ ရက် ညနေ ၅ နာရီလောက်က သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်း စစ်ဆေးရေးဂိတ်အနီးမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “ကုန်တင်ကားကို ထောက်ပို့ပစ္စည်းတွေ သယ်လာတယ်ဆိုပြီး ဖမ်းတာပါ။ စပယ်ယာကောင်လေး ၂ ယောက်နဲ့ ယာဉ်မောင်းကို ဖမ်းဆီးခဲ့တာပါ။ ကားက ရန်ကုန်ကနေ လာတဲ့ကုန်ကားလို့ သိရပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ယာဉ်မောင်း ကိုစိုးဝင်းထွန်းနဲ့ ယာဉ်နောက်လိုက် ကိုထက်ပိုင် နဲ့ ကိုနေမင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ စစ်အာဏာရှင်တပ်နဲ့ ရဲတွေဟာ ကုန်တင်ကားနဲ့အတူ ကားပေါ်ပါလာတဲ့ ကုန်ပစ္စည်းတွေကိုလည်း သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတယောက်က “အောက်တိုဘာ ၁၀ ရက် ညနေအထိ အဆက်အသွယ်မရသေးပါဘူး။ ကုန်တင်ကားတစီးနဲ့ အဲဒီကားမှာ လိုက်ပါလာတဲ့ လူ ၃ ယောက်ကို ဖမ်းဆီးထားတာပါ” လို့ ပြောပါတယ်။
ကုန်တင်ကားပေါ်မှာ PDF တပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပေမဲ့ ကားပေါ်မှာ လေးမျက်နှာ၊ သာပေါင်းနဲ့ ပုသိမ်-မုံရွာလမ်းတလျှောက် ဈေးဆိုင်တွေက မှာယူထားတဲ့ အိမ်သုံးပစ္စည်းတွေ၊ ဆန်၊ စားသုံးဆီ၊ စက်သုံးဆီနဲ့ အဝတ်အထည်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ကုန်ကားသမားတွေဟာလည်း ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ပုံမှန် လုပ်ကိုင်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။











