
တိုက်ပွဲတွေကြောင့် ၄ နှစ်ကျော် ရပ်နားထားရတဲ့ ရန်ကုန်-လွိုင်ကော် လေကြောင်းခရီးစဉ်ကို မကြာခင် ပြန်လည်ပြေးဆွဲပေးမယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ပို့ဆောင်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ လွိုင်ကော်မြို့နယ်အမတ် ဦးမောင်ရွှေက ရပ်နားထားတဲ့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) ရန်ကုန်-လွိုင်ကော်ခရီးစဉ်များ မည်သည့်အချိန်တွင် ပြန်လည်ပြေးဆွဲပေးမည်နှင့် မည်သည့်နှုန်းထားဖြင့် ပြန်လည်ပြေးဆွဲမည်ကို သိရှိလိုကြောင်း မေးခွန်းအပေါ် ပို့ဆောင်ရေးဝန်ကြီးဌာနက ဇူလိုင် ၈ ရက် စစ်အာဏာရှင် ဩဇာခံ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ပို့ဆောင်ရေးဝန်ကြီးဌာနတာဝန်ရှိသူက “လွိုင်ကော်လေယာဉ်ကွင်းတွင် ခရီးသွားနားနေဆောင်များ၊ လေယာဉ်ထိန်းချုပ်စင်တာများ၊ လေယာဉ်ပြေးလမ်းများနှင့် အရန်လျှပ်စစ်ဓာတ်အားပေးစက်များ ကောင်းမွန်နေပြီ ဖြစ်သဖြင့် မကြာမီ ပြန်လည်ပြေးဆွဲတော့မယ်” လို့ ပြောပါတယ်။
မြန်မာ့အမျိုးသားလေကြောင်းလိုင်း အနေနဲ့ လေယာဉ်ခရီးသည် လက်မှတ်ခကို တယောက် ၃၂၀,၀၀၀ ကျပ်ဝန်းကျင် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
MNA လေကြောင်းလိုင်းရဲ့ လက်မှတ်အရောင်းဌာနက “ဘယ်တော့ပြေးဆွဲမလဲ ဆိုတာတော့ မသိရသေးပါဘူး။ ရက်သိရရင်တော့ မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ကြေညာပေးပါ့မယ်” လို့ ပြောပါတယ်။
အဆိုပါလေဆိပ်ကို ရန်ကုန်-နေပြည်တော်-လွိုင်ကော်-ရန်ကုန် ပြေးဆွဲနေတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က လေယာဉ်အမှတ် XY-AML၊ ATR-72(600) ပစ်ခတ်ခံရပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ရပ်နားခဲ့တာ ဖြစ်ပါတယ်။










