
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲ စစ်အာဏာရှင်ဘက်က လေကြောင်း၊ ကုန်းကြောင်းကတဆင့် စစ်အင်အားဖြည့်တင်း စစ်ကြောင်းထိုးနေတာကြောင့် စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခေါင်လန်ဖူးမြို့နယ်အတွင်း ခေါင်လန်ဖူး–လန်ဆယ်လမ်းပိုင်း အမတ်ဂျုံဒေသဘက်မှာ ဇူလိုင် ၁၀ ရက်ကစလို့ တိုက်ပွဲတွေဖြစ်နေပြီး စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲ ဖြစ်ပါတယ်။
ဇူလိုင် ၁၀ ရက်က ခေါင်လန်ဖူးမြို့နယ် နယ်ခြားမှတ်တိုင် ၃၀ က စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တွေက ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၃ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ လာဟီဆင်နဲ့ လန်ဆယ်ဒေသဘက်ကနေ စတင်ထိုးစစ်ဆင်လာပြီး ခေါင်လန်ဖူးမြို့အနီးအထိ ရောက်ရှိလာတာကြောင့် စစ်အာဏာရှင်တပ်ဘက်က မြို့ကာကွယ်ရေးအတွက် စစ်အင်အားဖြည့်တင်းနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “စစ်ကော်မရှင် စစ်ကြောင်းက တောက်လျှောက် စစ်ကြောင်းထိုးနေတယ်။ ဒီနေ့ရော မနေ့ကရော ကားတွေ တက်သွားတယ်လို့ သိရတယ်။ မချမ်းဘောကနေ ခေါင်လန်ဖူး နော့မုန်းဘက်ကို ထိုးနေတာ။ တောက်လျှောက် ရိက္ခာတွေရော စစ်အင်အားတွေရော ဖြည့်နေကြတယ်။ တိုက်ပွဲကတော့ ကြီးကြီးမားမား မရှိသေးဘူး။ ပစ်တာခတ်တာတော့ ကြားရတယ်။”
လက်ရှိ ခေါင်လန်ဖူးဒေသဘက်ကို ပူတာအိုမြို့အခြေစိုက် စစ်အာဏာရှင်တပ်ရဲ့ ခ.လ.ရ ၄၆ ဗျူဟာတပ်ကနေလည်း စစ်အင်အားနဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ဖြည့်တင်းပို့ဆောင်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“စစ်တပ်ကတော့ တောက်လျှောက် မြစ်ကြီးနားကနေ လေယာဉ်နဲ့၊ ပူတာအိုကနေ ကားနဲ့ ခေါင်လန်ဖူးဒေသကို တလောက KIA ပူးပေါင်းတပ်တွေသိမ်းလိုက်တဲ့ အမှတ် ၃၀ မှတ်တိုင် ပတ်ဝန်းကျင်ကို တောက်လျှောက် စစ်ကြောင်းထိုးနေတယ်။”
ဇူလိုင် ၁၇ ရက်ကလည်း ပူတာအိုကနေ ခေါင်လန်ဖူးဘက်ကို ထွက်ခွာသွားတဲ့ ကား ၆ စီးမှာ စစ်သားတွေ သီးသန့်တင်ဆောင်ထားတဲ့ ကား ၄ စီးနဲ့ လက်နက်ခဲယမ်း၊ ဒရုန်းနဲ့ စားနပ်ရိက္ခာတွေ တင်ဆောင်လာတဲ့ ကား ၂ စီး ပါဝင်တယ်လို့ သိရပါတယ်။
ခေါင်လန်ဖူးမြို့နယ်ဟာ ပူတာအိုခရိုင်အတွင်း မြန်မာ–တရုတ်နယ်စပ်ဒေသတွေကို ဆက်သွယ်ပေးထားတဲ့ မဟာဗျူဟာအရ အရေးပါတဲ့ဒေသတခု ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်နှောင်းပိုင်းကစပြီး အဲဒီဒေသမှာ စစ်အာဏာရှင်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး KIA ပူးပေါင်းတပ်တွေက လာဟီဆင်စခန်းကုန်းနဲ့ လန်ဆယ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း စစ်တပ်ဘက်က ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်ဆောင်ရွက်လာခဲ့ပြီး လက်ရှိအချိန်အထိ ခေါင်လန်ဖူးဒေသ တဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။











