
ထိုင်းမှာ တရားမဝင် နိုင်ငံခြားသားတွေကို ၃ လတာ စစ်ဆေး ဖမ်းဆီးတဲ့ စီမံချက်အတွင်း စက်ရုံ၊ အလုပ်ရုံတွေအပြင် မြန်မာတွေအနေများတဲ့ နေအိမ်၊ တိုက်ခန်းနဲ့ လူနေတန်းလျားတွေအထိ လိုက်လံစစ်ဆေး ဖမ်းဆီးနေပါတယ်။
ထိုင်းနိုင်ငံတဝန်း ၂၀၂၆ မေလ ဒုတိယပတ်ကစလို့ ၃ လ စီမံချက်နဲ့ တရားမဝင် နိုင်ငံခြားသားတွေ အလုပ်လုပ်တဲ့ နေရာတွေကိုနေ့စဉ် ပိုက်စိပ်တိုက်ဝင်ရောက် စစ်ဆေးနေတာပါ။
အထူးသဖြင့် မြန်မာတွေ အများဆုံး လုပ်ကိုင်နေတဲ့ ဘန်ကောက်၊ မဟာချိုင်၊ ချင်းမိုင်နဲ့ မဲဆောက်လို နေရာတွေမှာ အစစ်ဆေး တင်းကျပ်နေပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်က ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့က ဆမ်ဆိုင်းနယ်မြေအတွင်း မြန်မာတွေ အနေများတဲ့ ကွန်ဒိုတခုမှာ ဧည့်စာရင်း တိုင်ကြားတာမရှိတဲ့ အခန်းတွေကို ရှောင်တခင် ဝင်ရောက် စစ်ဆေးပြီး၊ TM30 လို့ ခေါ်တဲ့ ဧည့်စာရင်း မတိုင်ကြားသူတွေကို ဒဏ်ကြေးရိုက် အရေးယူတာတွေ ပြုလုပ်ခဲ့ပါတယ်။
ချင်းမိုင်မြို့နေ မြန်မာအလုပ်သမားတယောက်က “ဟိုရက်ပိုင်းကမှ မြန်မာတွေ အနေများတဲ့ ကွန်ဒိုတခုကို ဝင်စစ်သွားတယ် ကြားတယ်။ အဲဒီမှာ ဧည့်စာရင်း မတိုင်ထားဘူး။ TM30 ဧည့်စာရင်း မတိုင်ထားတဲ့သူတွေကို ဒဏ်ကြေးတွေ ကောက်တယ် ကြားတယ်။ ကျနော်တို့လည်း အစတုန်းကတော့ TM30 (ဧည့်စာရင်း) တော့ လုပ်ထားတယ်။ နောက်ပိုင်းမှာ ကိုယ့်အခန်းနဲ့ မကိုက်ညီတာ ရှိတယ်။ နောက်ပိုင်းတော့ အခန်းတွေ ပြောင်းရင်း TM30 အသစ် ပြန်လုပ်ရတာ ရှိတယ်။ တခြား ခရိုင်မှာရှိတဲ့ သူဌေးရဲ့ လိပ်စာကို ထည့်ထားတာ ဖြစ်တဲ့အတွက် TM30 က ရက်ကျော်နေတော့ ဒဏ်ငွေ ဘတ် ၁,၆၀၀ ဆောင်ပြီးမှပဲ ဒီဘက်မှာ ဧည့်စာရင်းလုပ်ရမယ်လို့ ကြုံခဲ့ဖူးတယ်။ ကိုယ်လည်း အဲဒါအရေးကြီးတော့ ဒဏ်ငွေ ၁၆၀၀ ဆောင်ပြီး လက်ရှိနေတဲ့ နေရာမှာ TM30 ကိုက်ညီအောင် နေရတယ်”လို့ ပြောပါတယ်။
မေ ၂၂ ရက်ကလည်း ချင်းမိုင်မြို့၊ ဆန်ဖီဆူးရပ်ကွက်မှာ “မိုးကြိုးစစ်ဆင်ရေး”နဲ့ ထိုင်းရဲတပ်ဖွဲ့က နေရာ ၁၀ ခုကို ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။
အဲဒီမှာ နိုင်ငံခြားသား အယောက် ၂၀၀ နီးပါးကို စစ်ဆေးခဲ့ပြီး၊ တရားမဝင် နေထိုင်သူ အယောက် ၂၀ ထက်မနည်း ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အခုလို စစ်ဆေးဖမ်းဆီးမှုတွေမှာ အလုပ်သမားတွေအနေနဲ့ Work Permit နဲ့ လက်ရှိအလုပ် မကိုက်ညီတာ၊ အလုပ်ရှင်ပြောင်းပြီး အကြောင်းမကြားတာ၊ TM30 ဧည့်စာရင်း မတိုင်ထားတာနဲ့ အထောက်အထား မပြည့်စုံတာတွေကြောင့် ဖမ်းဆီးခံရတာ အများဆုံး ဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အေအေစီအဖွဲ့မှ အလုပ်သမားအရေး လှုပ်ရှားသူ ဦးရဲမင်းက “အခု စီမံကိန်းနဲ့ ဖမ်းဆီးခံရမှုမှာ ဖမ်းဆီးခံရတာက အောက်ခြေ မြန်မာလုပ်ထားထုများတယ်။ အဲ့ထဲမှာမှ ဝင်ရောက်ဖမ်းဆီးတဲ့အခါ နေအိမ်တွေနဲ့ စက်ရုံ အလုပ်ရုံတွေမှာဆိုပြီး ၂ မျိုး နှစ်စား ရှိတယ်။ နေအိမ်တိုက်ခန်း လူနေတန်းလျားတွေကို ဝင်ဖမ်းတဲ့အခါ ဧည့်စာရင်း မတိုင်ထားတဲ့ ပြဿနာကို အများဆုံး တွေ့ရတယ်။ ဒီရက်ပိုင်း ဖမ်းဆီးခံရမှုတွေမှာဆိုရင် ရက်-၉၀ ဧည့်စာရင်း မတိုင်ထားတဲ့အတွက် ထိုင်းနိုင်ငံမှာ မိမိကရောက်ရှိနေတဲ့ နေအိမ်၊ တိုက်ခန်း၊ အခန်းငှားနေတဲ့ နေရာမှာ အိမ်ပိုင်ရှင်က အိမ်ငှားနေသူကို ဧည့်စာရင်း တိုင်ပေးရတယ်။ အဲဒီဧည့်စာရင်း မတိုင်ထားသူတွေထဲမှာမှ အထောက်အထားမဲ့တွေပါ ပါသွားတယ်။ ပြီးရင် အလုပ်ရုံတွေ ဝင်စစ်တဲ့အခါ အဓိကကတော့ အလုပ်ရှင်အသစ်မှာ လက်ရှိ ကိုယ်ဝင်လုပ်နေတဲ့ စက်ရုံအသစ်မှာ အလုပ်ရှင်အသစ် သူဌေးမပြောင်းရသေးတဲ့ ပြဿနာပေါ့။ တရုတ်လူမျိုး ပိုင်တဲ့ လုပ်ငန်းတွေမှာ တော်တော်များများ တွေ့ရတယ်”လို့ ပြောပါတယ်။
ထိုင်းနိုင်ငံထဲ တရားမဝင် လမ်းကြောင်းတွေကနေ နေ့စဉ်နီးပါး ဝင်ရောက်လာသူတွေလည်း မဲဆောက်-မြဝတီ၊ ကော့သောင်း-ရနောင်း၊ မယ်ဆိုင်-တာချီလိတ်နဲ့ ကန်ချနာဘူရီ နယ်စပ်တွေမှာ ဆက်တိုက် ဖမ်းဆီးခံနေရပါတယ်။
ထိုင်းမှာ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ် အလုပ်သမား ၃၇၀,၀၀၀ ကျော်အတွက် Work Permit သက်တမ်းတိုးကာလကို ၂၀၂၆ မတ်လ ၃၁ ရက်အထိ သက်တမ်းတိုးပေးခဲ့ပြီးနောက် တရားမဝင် အလုပ်သမားတွေနဲ့ နိုင်ငံခြားသား ခွင့်မပြုထားတဲ့ အလုပ်တွေ လုပ်ကိုင်နေသူတွေကို ဒီကာလတွေမှာ အရှိန်မြှင့် စစ်ဆေး အရေးယူနေတယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။










