
ဗြိတိန်အမျိုးသားတယောက်က သူတို့အိမ်မှာ ဇနီးဖြစ်သူကို နှစ်ပေါင်း ၂၀ ကျော်ကြာ မူးယစ်ဆေး တိုက်ကျွေးပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တယ်လို့ သူ့အမှုကို စပြီး မစစ်ဆေးမီ အချိန်တိုလေးအလို စက်တင်ဘာ ၁၄ ရက်မှာ ဝန်ခံခဲ့ပါတယ်။
အင်္ဂလန်မြောက်ပိုင်းက အသက် ၆၀ ကျော်အရွယ် အမျိုးသားဟာ မန်ချက်စတာ မင်ရှယ်လ်လမ်း တရားရုံးမှာ စွဲချက်ပေါင်း ၄၅ ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
သူဟာ အရင်က ပြစ်မှု ၁၅ ခုအတွက် ဝန်ခံထားပြီးသားပါ။ ခုတော့ သူဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း အဓမ္မပြုကျင့်မှု ၂၁ ကြိမ်၊ လိင်အင်္ဂါနဲ့ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှု ၁၅ ကြိမ်၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု ၁၁ ကြိမ်နဲ့ ခွင့်ပြုချက်မရှိဘဲ လိင်ပိုင်းဆိုင်ရာ ပုံရိပ်တွေကို မျှဝေခြင်း တကြိမ် အပါအဝင် စွဲချက် အမြောက်အမြားကို ဝန်ခံထားပြီးပါပြီ။
ဒါ့အပြင် ဇနီးဖြစ်သူ သတိလစ်မေ့မြောစေဖို့ ရည်ရွယ်ပြီး ဆေးဝါးတိုက်ကျွေးခဲ့တဲ့ ပြစ်မှုကိုလည်း သူက ဝန်ခံထားပါတယ်။
ခင်ပွန်းဖြစ်သူက မူးယစ်ဆေးတိုက်ကျွေးခံရပြီး သတိလစ်နေချိန်မှာ ဇနီးသည်ဟာ သူတို့ရဲ့ အိမ်မှာ တင် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်လို့ တရားလို ရှေ့နေ တွေက ပြောပါတယ်။
အသက် ၂၈ နှစ်ကနေ ၇၄ နှစ်ကြား တခြားအမျိုးသား ၁၂ ယောက်ဟာလည်း ၂၀၁၈ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း အဲဒီအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုတွေနဲ့ စွဲချက်တင်ခံထားရပြီး သူတို့အားလုံးက မုဒိမ်းကျင့်မှု အပါအဝင် စွပ်စွဲခံထားရတဲ့ ပြစ်မှုတွေကို ငြင်းဆိုထားကြပါတယ်။
သူတို့ရဲ့အမှုကိုလည်း ဒီတရားရုံးမှာတင် စစ်ဆေးမှာဖြစ်ပြီး လပေါင်းများစွာ ကြာမြင့်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။
Source: Reuters










