
နိုင်ဂျီးရီးယားနိုင်ငံ၊ လာဂို့စ်မြို့မှာ ဇွန် ၂၅ ရက်က အဆောက်အအုံတလုံး ပြိုကျလို့ အနည်းဆုံး လူ ၉ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ပြည်နယ်ပြန်ကြားရေးဝန်ကြီး ဂဘန်ဂါ အိုမိုတိုရှိုက ပြောပါတယ်။
တိုက်ပြိုကျချိန်မှာ အထဲမှာ လူနေအိမ်တွေ၊ ဆိုင်တွေနဲ့ ဘုရားကျောင်းတွေ ရှိနေတာဖြစ်ပြီး အပျက်အစီးတွေ ထဲကနေ ဆွဲထုတ်လာတဲ့ လူနာတွေကို အခင်းဖြစ်နေရာမှာတင် ရှေးဦးသူနာပြုစု ပေးပြီးမှ အနီးနားက ဆေးရုံတွေကို ပို့ပေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လာဂို့စ်ပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ (LASEMA) က ဦးဆောင်ပြီး အပျက်အစီးတွေ အောက်မှာ ပိတ်မိနေတဲ့ ဒဏ်ရာရသူတွေကို ကယ်ဆယ်ဖို့ စက်ယန္တရားကြီးတွေနဲ့ ပူးပေါင်းကယ်ဆယ်ရေးလုပ်ငန်းတွေ ညတွင်းချင်း ဆက်တိုက် လုပ်ဆောင်ခဲ့တာကြောင့် အခုတော့ အပျက်အစီးတွေကို မြေပြင်အထိ ရှင်းလင်းနိုင်လုနီးပါး ဖြစ်နေပြီလို့ ဆိုပါတယ်။
လာဂို့စ်အုပ်ချုပ်ရေးမှူး ဘာဘာဂျီဒီ ဆန်ဝိုအိုလူကတော့ ဘေးနားက တိုက်တွေကိုပါ ကြံ့ခိုင်မှု ရှိ မရှိ စစ်ဆေးဖို့ ညွှန်ကြားထားပြီး ဘေးကင်းလုံခြုံရေး စည်းမျဉ်းတွေကို လိုက်နာကြဖို့ တိုက်တွန်း ထားပါတယ်။
ပြန်ကြားရေးဝန်ကြီး ဂဘန်ဂါအိုမိုတိုရှိုက အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာတွေဖြစ်ပျက်ခဲ့တာလဲ ဆိုတာကို စုံစမ်းစစ်ဆေးနေတုန်းဖြစ်ပြီး အဆောက်အအုံပိုင်ရှင်တွေကိုလည်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ဆိုးမှာ ပါဝင်ပတ်သက်နေတဲ့သူ ဘယ်သူ့ကိုမဆို ဖော်ထုတ်ပြီးတော့ တရားရုံးတင် အရေးယူသွားမှာပါ လို့ အာမခံ ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် လာဂို့စ်မှာ စံမမီတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ သုံးတာနဲ့ စစ်ဆေးကြပ်မတ်မှု အားနည်းတာတွေကြောင့် ခဏခဏ တိုက်ပြိုနေတဲ့ ကိစ္စအပေါ် စိုးရိမ်မှုတွေ ပြန်မြင့် တက်လာ ပါတယ်။
Source: Reuters










