
နိုင်ဂျီးရီးယားနိုင်ငံ အွန်ဒိုပြည်နယ်မှာ နိုင်ဂျီးရီးယားလေတပ်က လေယာဉ်တစင်း အောက်တိုဘာ ၅ ရက်က ပျက်ကျလို့ သေဆုံးသွားတဲ့ လေတပ်ဝန်ထမ်းတွေအတွက် သမ္မတ ဘိုလာအာမဒ်တီနူဘူက နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလ ၃ ရက် သတ်မှတ်ကြေညာထားပါတယ်။
ဒါ့အပြင် လေတပ်သားတွေကို လေးစားဂါရဝပြုသောအားဖြင့် နိုင်ငံတော်အလံတွေကို တိုင်တဝက်အထိ လျှော့ချလွှင့်ထူဖို့ ညွှန်ကြားခဲ့လို့ နိုင်ငံတဝန်းလုံးမှာ အလံတွေကို တိုင်တဝက်အထိ လျှော့ချ လွှင့်ထူထားကြပါတယ်။
နိုင်ဂျီးရီးယားလေတပ်က အဘူဂျာမြို့က ဌာနချုပ်မှာလည်း ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ် တအုပ်ကို ဖွင့်လှစ်ထားပါတယ်။
အောက်တိုဘာ ၆ ရက်မှာ လေတပ်က သေဆုံးသူအရေအတွက်ကို ၂၅ ယောက်လို့ ပြင်ဆင် သတ်မှတ်ခဲ့ပြီး NAF 931 လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၅ ယောက်နဲ့ ခရီးသည် အယောက် ၂၀ လိုက်ပါသွားခဲ့တယ်လို့ လေတပ်ပြောခွင့်ရ လေတပ်ဗိုလ်မှူးကြီး အီဟီမန် အီဂျိုဒါမီက ထုတ်ပြန် ပြောပါတယ်။
တနင်္လာနေ့ ညနေပိုင်းက သမ္မတ တီနူဘူက လေယာဉ်ပေါ်က ခရီးသည် ၂၅ ယောက်နဲ့ လေယာဉ်အမှုထမ်း ၇ ယောက် အပါအဝင် လူ ၃၂ ယောက် သေဆုံးခဲ့တယ်လို့ ပြောခဲ့သလို လေတပ်ရဲ့ အချက်အလက်နဲ့ တနင်္လာနေ့က လေကြောင်းပို့ဆောင်ရေးဝန်ကြီး ဖက်စတပ်စ် ကီယာမို ထုတ်ပြန်ကြေညာခဲ့တဲ့ အချက်အလက်တွေ ကွဲပြားနေတဲ့အကြောင်း လေတပ်က ရှင်းလင်း ပြောကြားတာ မရှိသေးပါဘူး။
Source: Reuters











