
လွန်ခဲ့တဲ့ ၆၅ နှစ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး သေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို ထုတ်ပြန်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုဝင်ဘာ ၄ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
စုံစမ်းရေးအစီရင်ခံစာသစ်အရ အဖွဲ့ဝင်နိုင်ငံတချို့ဆီမှာ ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အရေးကြီး အချက်အလက်တွေကို မထုတ်ပြန်ဘဲ ထိန်းသိမ်းထားဆဲဖြစ်တာ သေချာသလောက်ရှိတယ်လို့ ဆိုပါတယ်။
တန်ဇန်းနီးယား တရားသူကြီးချုပ်ဟောင်း မိုဟာမက် ချန်ဒီ အော့သ်မန် ပြုစုထားတဲ့ အစီရင်ခံစာကို ဂူတာရက်စ်က ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌဆီ ပေးပို့ခဲ့တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ပြောပါတယ်။
အစီရင်ခံစာမှာ သက်ဆိုင်ရာအချက်အလက်တွေ မထုတ်ပြန်သေးတဲ့ နိုင်ငံတွေကိုလည်း နာမည်တပ် ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ကြေးစားလေယာဉ်မှူးတွေ ဒါမှမဟုတ် တခြားသူတွေက လေယာဉ်ကို တမင်တိုက်ခိုက်ခဲ့သလား ဆိုတာ စုံစမ်းရာမှာ တိုးတက်မှုရှိခဲ့တယ်လို့ အော့သ်မန်က ပြောပါတယ်။
ပြင်ပက တိုက်ခိုက်မှု ဒါမှမဟုတ် ခြိမ်းခြောက်မှုကြောင့် လေယာဉ်ပျက်ကျနိုင်ခြေရှိသလို ဖျက်ဆီးမှု ဒါမှမဟုတ် မရည်ရွယ်တဲ့ လူ့အမှားကြောင့်လည်း ဖြစ်နိုင်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဆွီဒင်နိုင်ငံသား ဟမ်းမားရှိုးဟာ ၁၉၆၁ ခုနှစ် စက်တင်ဘာလမှာ ကွန်ဂိုနိုင်ငံက ခွဲထွက်ရေး ကြိုးပမ်းနေတဲ့ ကာတန်ဂါဒေသနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ သွားရောက်စဉ် လေယာဉ်ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ဟာ အဲဒီအချိန်က မြောက်ရိုဒီးရှား၊ ယနေ့ ဇမ်ဘီယာနိုင်ငံက အန်ဒိုလာမြို့အနီးမှာ ပျက်ကျခဲ့ပြီး ဟမ်းမားရှိုးနဲ့အတူ လိုက်ပါလာသူ ၁၅ ယောက်လည်း သေဆုံးခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံက ၂၀၁၄ ခုနှစ်မှာ ပြန်လည်စုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်းမှာ တခြားလေယာဉ်တစင်း ပါဝင်ပတ်သက်နိုင်တဲ့ အထောက်အထားတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
အော့သ်မန်ရဲ့ စုံစမ်းရေးတာဝန်ဟာ စက်တင်ဘာလမှာ ပြီးဆုံးခဲ့တာကြောင့် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးမှူးတယောက် ထပ်မံခန့်အပ်ရေး အကြံပြုချက်ကို ဂူတာရက်စ်က ထောက်ခံထားပါတယ်။
Source: Reuters











