
မက္ကဆီကိုနိုင်ငံအလယ်ပိုင်း ဟီဒယ်လ်ဂိုပြည်နယ်၊ ပါချူကာလေဆိပ်ကနေ ထွက်ခွာလာပြီး မကြာခင် မှာပဲ လေယာဉ်ငယ်တစင်း နိုဝင်ဘာ ၂ ရက်က ပျက်ကျသွားခဲ့ပါတယ်။
ဒီမတော်တဆမှုကြောင့် လေယာဉ်မှူးနဲ့ ဒုလေယာဉ်မှူးတို့ သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လေယာဉ်ဟာ လေထဲမှာ ထိန်းချုပ်မှု ပြတ်တောက်သွားပြီး ကားလမ်းအနီးမှာ ပျက်ကျခဲ့တာပါ။ ပျက်ကျတဲ့ဒဏ်ကြောင့် မီးလောင်ကျွမ်းခဲ့တာကို မျက်မြင်သက်သေ ဗီဒီယိုဖိုင်မှာ တွေ့ရပါတယ်။
ဖက်ဒရယ်အရပ်ဘက်လေကြောင်းအေဂျင်စီ (AFAC) ရဲ့ ပြောကြားချက်အရ ပျက်ကျတဲ့ လေယာဉ် ဟာ မှတ်ပုံတင်နံပါတ် XBAZG ရှိတဲ့ ပုဂ္ဂလိကပိုင် Cessna 210 အမျိုးအစား လေယာဉ်ဖြစ်ပြီး၊ ပါချူကာလေဆိပ်ကနေ မိုရီလော့စ်ပြည်နယ်က ကူယာနာဗာကာ နိုင်ငံတကာလေဆိပ်ကို ဦးတည် ပျံသန်းချိန်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။
လေယာဉ်မှူးနဲ့ ဒုလေယာဉ်မှူး သေဆုံးခဲ့တာကို အေဂျင်စီက အတည်ပြုပေးခဲ့ပြီး၊ အခုလို မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးရေးတွေ စတင်လုပ်ဆောင် နေပြီလို့လည်း သိရပါတယ်။
ရိုက်တာသတင်းဌာနနဲ့ ဒေသတွင်းကာကွယ်စောင့်ရှောက်ရေးရုံးတွေကလည်း အဲဒီဖြစ်ရပ်နဲ့ တည်နေရာကို ဂြိုဟ်တုပုံရိပ်တွေ၊ မှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေး အတည်ပြုပေးထားပါတယ်။
Source: Reuters











