အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ပမ်းဘီးချ်ခရိုင်၊ ခရက်စ်ဟေဗင်အနီးရှိ လူနေရပ်ကွက်ထဲကို လူ ၉ ယောက် လိုက်ပါလာတဲ့ Learjet 60 လေယာဉ်တစင်း နိုဝင်ဘာ ၁ ရက် က ပျက်ကျခဲ့တယ်လို့ အမေရိကန် ဖက်ဒရယ်လေကြောင်းကွပ်ကဲရေးဦးစီးဌာန (FAA) က ပြောပါတယ်။
ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ မနစ် ၅၀ လောက်မှာ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ် လိုက်ပါလာသူ အားလုံး သေဆုံးခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဆန်းဒတ်ဖီက ဆိုရှယ်မီဒီယာမှာ ရေးသားဖော်ပြခဲ့ပြီး ဒီဖြစ်ရပ်ဟာ ဝမ်းနည်းဖွယ် အလွန်ကောင်းတဲ့ တုန်လှုပ်ချောက်ချားဖွယ် ပျက်စီးဆုံးရှုံးမှုကြီး ဖြစ်တယ်လို့ ပြောပါတယ်။
အဆိုပါလေယာဉ်ဟာ တက္ကဆက်စ်ပြည်နယ်၊ အော့စတင် ဘာဂ်စထရောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာပြီး ဘဟားမားနိုင်ငံရှိ နော့သ်အီလူသီရာ လေဆိပ်သို့ ဦးတည်ပျံသန်းချိန်မှာ ပျက်ကျခဲ့တာလို့ FAA က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမျိုးသား ပို့ဆောင်ဆက်သွယ်ရေး လုံခြုံရေးဘုတ်အဖွဲ့ (NTSB) ကတော့ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။
အွန်လိုင်းမှာတင်ထားတဲ့ ဗီဒီယိုအရ လမ်းမပေါ်မှာ ချိုင့်ခွက်ကြီးတခု ဖြစ်ပေါ်နေပြီး မီးလောင်နေတဲ့ လေယာဉ်အပျက်အစီးတွေ လမ်းဘေးမှာ ပြန့်ကျဲနေတာကို မြင်တွေ့ရပါတယ်။
NTSB မှတ်တမ်းအရ ဒီမတော်တဆမှုဟာ အခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ ဒုတိယမြောက် လူသေဆုံးမှု အများဆုံး လေယာဉ်ပျက်ကျမှုဖြစ်ပြီး လွန်ခဲ့တဲ့ ဇွန်လက မစ်ဆူရီပြည်နယ်၊ ဘာတလာမှာ လူ ၁၂ ယောက် သေဆုံးခဲ့တဲ့ လေထီးဒိုင်ဗင် လေယာဉ်ပျက်ကျမှုပြီးရင် ဒုတိယမြောက် ဖြစ်ပါတယ်။
လေယာဉ်ပေါ်ပါလာသူ ၉ ယောက်ရဲ့ အမည်စာရင်း၊ ခရီးသည်နဲ့ လေယာဉ်အဖွဲ့အမှုထမ်း ဘယ်လောက်ပါသလဲ ဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။
ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်းတစ်က “ကြည့်ရတာ ဒုံးပျံတစင်း ထိုးဆင်းသွားသလိုပါပဲ” လို့ ပြောပါတယ်။
မြေပြင်ပေါ်မှာ ထိခိုက်သေဆုံးသူ မရှိပေမဲ့ အပျက်အစီးတွေ ကျယ်ကျယ်ပြန့်ပြန့် ပြန့်ကျဲသွားခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အဆောက်အအုံနဲ့ မြေပြင်ပျက်စီးမှုတွေကြောင့် လေယာဉ်ပျက်ကျပြီးနောက် လူ ၆၀၀ လောက်ကို ဘေးလွတ်ရာ ခရိုင်အတွင်းရှိ ခိုလှုံရေးစခန်း ၂ ခုသို့ ပို့ဆောင်ထားရတယ်လို့လည်း ပြောပါတယ်။
Flight Safety Foundation ရဲ့ အချက်အလက်တွေအရ အခုလေယာဉ်ပျက်ကျမှုဟာ Learjet 60 အမျိုးအစား လေယာဉ်ပျက်ကျမှုတွေထဲမှာ အဆိုးရွားဆုံး ဖြစ်တယ်လို့ သိရပါတယ်။
၂၀၀၈ ခုနှစ်ကလည်း လော့စ်အိန်ဂျလိစ်ကို ဦးတည်ပျံသန်းလာတဲ့ Learjet 60 တစင်း တောင်ကယ်လီဖိုးနီးယားပြည်နယ်ကနေ ထွက်ခွာစဉ် ပျက်ကျခဲ့လို့ လူ ၄ ယောက် သေဆုံးခဲ့ဖူးပါတယ်။
Source: Reuters











