DVB Logo
Home
နိုင်ငံတကာ
ဖလော်ရီဒါပြည်နယ် Citibank ဘဏ်တွင် ပစ်ခတ်မှုဖြစ်ပြီး ဝန်ထမ်း ၁ ဦး သေဆုံး 
DVB
·
November 7, 2026
ဖလော်ရီဒါပြည်နယ် Citibank ဘဏ်တွင် ပစ်ခတ်မှုဖြစ်ပြီး ဝန်ထမ်း ၁ ဦး သေဆုံး 
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ တမ်ပါမြို့ရှိ Citigroup ဘဏ်ဝင်းအတွင်းမှာ နိုဝင်ဘာ ၄ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ Citigroup ဝန်ထမ်း အမျိုးသမီးတယောက် သေဆုံးသွား ခဲ့ပါတယ်။

ငွေကြေးကောက်ခံမှု ကိစ္စတခုနဲ့ ပတ်သက်ပြီး ဒေါသထွက်နေတဲ့သူတယောက်ဟာ ဘဏ်ဝင်းထဲကို ကားနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ပစ်ခတ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ လုံခြုံရေးဝန်ထမ်းတယောက်ရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် အဲ့ဒီသေနတ်သမားလည်း သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဟေးလ်စ်ဘရာ ကောင်တီ ရဲအုပ်ချုပ်ရေးမှူး ချဒ်ခရိုနစ္စတာရဲ့ သတင်းစာရှင်းလင်းပွဲ ပြောကြားချက် အရ သံသယရှိသူဟာ ပစ်ခတ်မှုဖြစ်ပွားတဲ့ နိုဝင်ဘာ ၄ ရက်မနက် ၉ နာရီလောက်မှာ Citibank နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ဥပဒေရေးရာကုမ္ပဏီတခုဆီ ဖုန်းဆက်ခဲ့ပါတယ်။ 

ဒီနောက်သူဟာ ဒေါ်လာ ၂,၅၀၀ ပေးဖို့ ပျက်ကွက်မှုကိစ္စကြောင့် တရားရင်ဆိုင်နေရတဲ့ အမှုကို ရုပ်သိမ်း မပေးရင် အဲ့ဒီကို AR-15 ရိုင်ဖယ်သေနတ်၊ သံချပ်ကာဝတ်စုံတို့အပြင် သူရဲ့ "စိတ်ရူးသွပ် ပေါက်ကွဲမှု" ကိုပါ သယ်လာမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။

တာဝန်ရှိသူတွေ ထုတ်ပြန်လိုက်တဲ့ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းမှာတော့ သံသယရှိသူဟာ သူ့ရဲ့ယာဉ်နဲ့ ခြံစည်းရိုးကို ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးပြီးနောက် သေနတ်တလက်ကို ကိုင်ဆောင် ကာ ဘဏ်ဝင်းအတွင်းကို ဝင်ရောက်လာတာကို တွေ့ရပါတယ်။

သံသယရှိသူဟာ ဝင်ပေါက်တံခါးကို ဖြတ်ကျော်မောင်းနှင်ပြီး ဘဏ်ဝင်းထဲ ဝင်လာတာနဲ့ Citibank ဝန်ထမ်း တယောက်နဲ့ ချက်ချင်း ထိပ်တိုက်တွေ့ခဲ့တယ်လို့ ရဲအုပ်ချုပ်ရေးမှူး ခရိုနစ္စတာက ပြောပါတယ်။

အဲဒီနောက် သံသယရှိသူဟာ ဝန်ထမ်းတွေ စားသောက်တဲ့အဆောင်ကို ဖြတ်သန်းပြီး အဓိက ရုံးအဆောက်အအုံဘက်ကို ဦးတည်သွားခဲ့ချိန်မှာ ဝန်ထမ်းတွေဟာ ဘဏ်ဝင်းထဲကနေ ထွက်ပြေးတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပုန်းအောင်းတာတွေ ပြုလုပ်ခဲ့ကြရပါတယ်။

အဲဒီနောက် Citibank ရဲ့ လုံခြုံရေးအဖွဲ့ဝင်ယောက်နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ရဲချုပ်ရဲ့ ပြောပြချက်အရ အဲဒီလုံခြုံရေးဝန်ထမ်းဟာ အမေရိကန် မရိန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး စနစ်တကျ လေ့ကျင့်သင်ကြားမှု ခံယူထားသူတယောက် ဖြစ်ပါတယ်။

အဆောက်အအုံအတွင်းမှာ လုံခြုံရေးဝန်ထမ်းနဲ့ ထိပ်တိုက်တွေ့ချိန်မှာ သံသယရှိသူက စတင် ပစ်ခတ် ခဲ့တာကြောင့် လုံခြုံရေးဝန်ထမ်းကလည်း ပြန်လည်ပစ်ခတ် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

တာဝန်ရှိသူ ဖရေဇာက "တမ်ပါ ကျောင်းဝင်းမှာ လုံခြုံမှုရှိနေပြီဖြစ်သလို၊ လိုအပ်သလို တခြားနေရာ အားလုံးမှာလည်း လုံခြုံရေးကို ပိုမိုတိုးမြှင့် ဆောင်ရွက်နေပါတယ်" လို့ ရေးသား ဖော်ပြပါတယ်။

ခရိုနစ္စတာရဲ့ ပြောကြားချက်အရ ရဲအရာရှိ ၃၆၅ ယောက် အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာခဲ့ကြပြီး ဒီဖြစ်စဉ်ဟာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလုပ်ဆောင်ခံရတာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယူဆထားကြပါတယ်။

Source: Reuters

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013