
အမေရိကန်ပြည်ထောင်စုမှာ ကာကွယ်ဆေးထိုးနှံရေး စည်းမျဉ်းအားလုံးကို ပယ်ဖျက်သွားမယ့် ပထမဆုံးပြည်နယ်က ဖလော်ရီဒါ ဖြစ်လာနိုင်ပါတယ်။
ပြည်နယ်ကျန်းမာရေးဌာနရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ ဂျိုးဆက်ပ် လဒါ့ပိုကတော့ ကာကွယ်ဆေးထိုးနှံမှုကို အတင်းအကျပ် ကျွန်ပြုတာမျိုးနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။
ဒေါက်တာ ဂျိုးဆက်ပ်က "ခင်ဗျားတို့ ကလေးရဲ့ ခန္ဓာကိုယ်ထဲကို ဘာထည့်ရမယ်ဆိုတာ ပြောရလောက်အောင် ကျနော်က ဘာမလို့လဲဗျာ။ အဲ့ဒီအခွင့်အရေး ကျနော့်မှာ မရှိပါဘူး။ သင့်ခန္ဓာဟာ ဘုရားသခင်ရဲ့ လက်ဆောင်ပါ "လို့ မှတ်ချက်ပြုပါတယ်။
ဖလော်ရီဒါပြည်နယ် တာဝန်ရှိသူတွေဘက်က ကာကွယ်ဆေးထိုးနှံမှု ဘယ်တော့ပယ်ဖျက်မယ်ဆိုတဲ့ အချိန်ကာလနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။
လတ်တလော အဲဒီ ပြည်နယ်ထဲက ကျောင်းသားတွေဟာ ပိုလီယို၊ ရေကျောက်၊ ဝက်သက်၊ ပါးချိတ်ရောင်နဲ့ အသည်းရောင်အသား ဝါ (ဘီပိုး) စတဲ့ ရောဂါကာကွယ်ဆေးကို ထိုးထားဖို့တော့ လိုအပ်နေပါသေးတယ်။
အခုလိုမျိုး အမေရိကန်မှာ အစိုးရကျောင်းတက်တဲ့အခါ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လိုအပ်သလို ပြည်နယ်အလိုက် မူဝါဒကွဲပြားမှုလည်း ရှိကြပါတယ်။
အခုနှစ်အစောပိုင်းတုန်းက ရီပတ်ဘလစ်ကန်ပါတီကြီးစိုးရာ ပြည်နယ်တခု ဖြစ်တဲ့ အိုင်ဒါဟိုမှာ စည်းမျဉ်းတွေ ဖြေလျှော့ပေးခဲ့ပေမဲ့ ကလေးတွေကို ကာကွယ်ဆေးထိုးပေးဖို့တော့ လိုအပ်ဆဲပဲ ဖြစ်ပါတယ်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ အတည်ပြုချက် အရ ကလေးအရွယ်မှာ ကာကွယ်ဆေး ထိုးနှံထားမှုကြောင့် နှစ်စဉ် ကမ္ဘာတဝန်း လူသေဆုံးမှု ၄ သန်းအထိ အကာအကွယ် ပေးနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် CDC ဆေးဘက်ဆိုင်ရာ အရာရှိချုပ်ဖြစ်သူ ဒက်ဘရာဟော်ရီဟာ ပြီးခဲ့တဲ့အပတ်မှာ ရာထူးနုတ်ထွက်ခဲ့တဲ့အပြင် ကျောင်းသားတွေကြား ကာကွယ်လို့ရတဲ့ ရောဂါကူးစက်မှုတွေပါ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
အမေရိကန်ရဲ့ နောက်ဆုံး တုပ်ကွေးရာသီအတွင်း ကလေးဦးရေ ၂၇၀ လောက်ကို သေဆုံးစေခဲ့ပြီး အဲဒီထဲက ၉၀ ရာခိုင်နှုန်းနီးပါးဟာ ကာကွယ်ဆေး မထိုးထားသူတွေ ဖြစ်တယ်လို့ ထောက်ပြပါတယ်။
ဒါ့အပြင် ဝါရှင်တန်၊ အော်ရီဂွန်နဲ့ ကယ်လီဖိုးနီးယား စတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာတော့ ထရမ့်ပ်က CDC ဌာနကို ဖျက်ဆီးနေတယ်ဆိုပြီး စွပ်စွဲထားပါတယ်။
အလားတူ ကာကွယ်ဆေးအပေါ် အယုံအကြည်မရှိတဲ့ ကျန်းမာရေးဝန်ကြီး ရောဘတ်အက်ဖ် ကနေဒီ ဂျူနီယာရဲ့ မကြာသေးခင်က ဆုံးဖြတ်ချက်တွေကိုပါ အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း ကာကွယ်ဆေးတွေဟာ အနည်းဆုံး လူပေါင်း ၁၅၄ သန်းရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပြီး အဲဒီထဲမှာ မွေးကင်းစကလေးတွေ အများဆုံးပါဝင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြုပါတယ်။
Source: Reuters










