
ရန်ကုန်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး မသောက်ရင် ဈေးထွက်ခွင့် မပေးဘူးလို့ စည်ပင်က လိုက်လံပြောဆိုနေပြီး ဈေးထွက်ခွင့်မရမှာ စိုးတာကြောင့် ဆေးသောက်နေရတယ်လို့ လမ်းဘေးဈေးသည်တွေက ပြောပါတယ်။
ကာကွယ်ဆေးသောက်သူတွေဟာ ဆေးသောက်ပြီးကြောင်းကတ်ပြား ရရှိမှာဖြစ်ပြီး ဈေးသည်တွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်စည်ပင်က လာရောက်စစ်ဆေးချိန် ဒီကတ်ကို ပြသရမှာ ဖြစ်တယ်လို့ လမ်းဘေးဈေးသည်တွေက ပြောပါတယ်။
လသာမြို့နယ်မှာ လမ်းဘေးဈေးရောင်းချနေတဲ့ ဈေးသည်အမျိုးသားတယောက်က “သောက်ချင်လို့ မဟုတ်ဘူး၊ ဈေးမထွက်ရမှာ ကြောက်လို့ သွားသောက်နေရတာ။ ကိုယ်တွေဈေးမှာဆို တော်တော်များများ အကုန်သောက်ပြီးနေပြီ။ ကတ်လေးတွေ ရလာတယ်။ အဲဒါလေးတွေ သိမ်းထားရတာ။ လာစစ်လို့ ကတ်မပြနိုင်ရင် ဘာလုပ်မလဲ ဆိုတာကတော့ သူတို့ လုပ်ပိုင်ခွင့်ထဲပဲ ရှိတယ်။ အခု ကြောက်နေရတာ ဈေးဆိုင်တွေကို ယာယီထပ်ပိတ်ခိုင်းမှာကိုပဲ” လို့ ပြောပါတယ်။
စစ်အာဏာရှင်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်မှာ အထိနာနေတဲ့ လမ်းဘေးဈေးသည်တွေဟာ စည်ပင်ဝန်ထမ်းတွေရဲ့ အမျိုးမျိုးသော ခေါင်းစဉ်တပ်ပြီး တင်းကျပ်နေတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ရှမ်းလမ်း ဂွဈေးအနီးမှာ ဈေးရောင်းချနေတဲ့ ဈေးသည်တယောက်ကလည်း “ကိုယ်တွေဆီက စည်ပင်က ဆေးမသောက်ရင် ဆိုင်မဖွင့်ရဘူးကို ပြောတာ၊ အဲဒီတော့ သွားသောက်ရတယ်။ ဆေးစက်လေး ပါးစပ်ထဲ ချပေးတာပါ၊ ဘာမှတော့ မဖြစ်ဘူး။ သောက်လိုက်တော့လည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ ခြိမ်းခြောက်သလိုလိုတွေ လိုက်ပြောနေတာကို မကြိုက်တာ။ အခုဆို ဈေးရောင်းချိန်မရှိဘူး၊ သူတို့လာတာနဲ့ ဈေးဗန်းရွက်ပြီး ပြေးနေတာနဲ့တင် အချိန်ကုန်နေတာ။ ဒါတောင် လမ်းအတွင်းထဲမှာ ရောင်းလို့ရဖို့အတွက် တရက်ကို ဈေးဗန်းခင်းတာ တဗန်းကို ၂,၀၀၀ နှုန်းနဲ့ ပေးနေရသေးတာ။ အခုလည်း ကာကွယ်ဆေးသောက်ပြီးကြောင်း သက်သေခံကတ် မပြနိုင်ရင် ရောင်းခွင့်မပေးဘူး လုပ်ပြန်ရော။ အဆင်မပြေတဲ့အချိန် ကိုယ်ချင်းစာပြီး လုပ်စေချင်တာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတွေကို ရောဂါအဖြစ်များတဲ့ မြို့နယ်ရှိ ရပ်ကွက်တွေမှာ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဝန်ထမ်းတွေက လိုက်လံတိုက်ကျွေးချိန် ဆေးသောက်ဖို့ ငြင်းဆိုသူတွေ အများအပြား ရှိနေတယ်လို့ သိရပါတယ်။
အဲဒီလို ငြင်းဆန်တာဟာ ဆေးရဲ့အာနိသင်နဲ့ ပတ်သက်လို့ သေချာရှင်းပြ ပြောဆိုတာမျိုး မရှိတဲ့အတွက် ဆေးသောက်ပြီးမှ တခုခုဖြစ်မှာကို စိုးရိမ်တာကြောင့် ဖြစ်တယ်လို့လည်း ပြည်သူတချို့က ပြောပါတယ်။
ဩဂုတ်လအတွင်းက စတင်ဖြစ်ပွားခဲ့တဲ့ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် မြို့နယ်တိုင်းက လမ်းဘေးဈေးသည်တွေရဲ့ ဈေးရောင်းချတဲ့ပုံစံ သန့်ရှင်းမှု ရှိ၊ မရှိ မြို့နယ်ကျန်းမာရေးအဖွဲ့၊ စည်ပင်နဲ့ မြို့နယ်အလိုက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအပိုင်းက တာဝန်ရှိသူတွေ လိုက်လံစစ်ဆေးခဲ့သလို တချို့ လမ်းဘေးဈေးဆိုင်တွေကိုလည်း ယာယီပိတ်ခိုင်းခဲ့ပါတယ်။
ဒါ့အပြင် အဲဒီအချိန်ကတည်းက ဝမ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိခဲ့လို့ဆိုကာ တချို့ စားသောက်ကုန် လုပ်ငန်းတွေလည်း လက်ရှိအချိန်ထိ ပြန်လည်ဖွင့်ခွင့်မရသေးတာတွေလည်း ရှိသေးတယ်လို့ လုပ်ငန်းရှင်တချို့ထံက သိရပါတယ်။











