
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ အိုရှိုဖီရပ်ကွက်မှာရှိတဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ထိန်းသိမ်းရေးစင်တာ အပြင်ဘက်မှာ ဆန္ဒပြသူတွေ သြဂုတ် ၁၀ ရက်မှာ စုဝေးခဲ့ကြပါတယ်။
အကျဉ်းသားတွေကို ထောက်ပံ့ဖို့နဲ့ အလီဂါတာ အယ်လ်ကာထရက်ဇ် ထိန်းသိမ်းရေးစခန်းထဲက အခြေအနေတွေကို ရှုတ်ချဖို့ ဆန္ဒပြသူတွေက သပိတ်မှောက်နေတာပါ။
အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန ICE ကို ရည်ညွှန်းရင်း ICEကို ဖျက်သိမ်းပစ်၊ အယ်လ်ကာထရက်ဇ်က လူမဆန်ဘူး စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားပြီး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို ပိတ်သိမ်းဖို့ ကြွေးကြော်ခဲ့ကြပါတယ်။
ဒီ ထိန်းသိမ်းရေးစခန်းဟာ တရားစီရင်ခံဖို့ စောင့်နေတဲ့ အဖမ်းခံရတဲ့လူတွေကို ထိန်းသိမ်းထားပါတယ်။
ထုတ်ဖော်ပြောဆိုသူတွေထဲက တယောက်က ဆိုနီယာ ဘီချာရာ ဖြစ်ပြီး သူနဲ့ စေ့စပ်ထားသူဟာ ဒီစခန်းထဲမှာ တလကျော်ကြာ ထိန်းသိမ်းခံထားရပါတယ်။
“သူ အဲဒီမှာ တလနဲ့ ၃ ရက်ရှိပြီ။ အတွင်းအခြေအနေတွေက စိတ်ပျက်စရာကောင်းတယ်လို့ ကျမကို ပြောခဲ့တယ်” လို့ ဘီချာရာက ရိုက်တာသတင်းဌာနကို ဩဂုတ် ၁၀ ရက်မှာ ပြောခဲ့ပါတယ်။
အရည်အသွေး ညံ့ဖျင်းတဲ့ အစားအစာ၊ ခေါင်မိုးမှာ အမြဲတမ်း မီးလင်းနေပြီး အစားစားဖို့ အချိန် ၅ မိနစ်နဲ့ တင်းကျပ်ထားပြီး သောက်သုံးရေအကန့်အသတ်နဲ့ ပေးတယ်လို့ ဘီချာရာက ပြောပါတယ်။
“သူတို့ မတ်တပ်ရပ်ရင် အရိုက်ခံရမယ်” လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။
ရေချို ရေငံတွေမှာ ရှင်သန်တဲ့ မိကျောင်းတွေနဲ့ စပါးအုံးမြွေတွေ ပြည့်နှက်နေတဲ့၊ ကျယ်ပြောလှတဲ့ အပူပိုင်းဒေသမှာရှိတဲ့ ဒီထိန်းသိမ်းရေးစခန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သဘောထားတင်းမာတဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေရဲ့ သင်္ကေတအဖြစ် ဂုဏ်ယူဝင့်ကြွား သတ်မှတ်ထားပါတယ်။
ဖလော်ရီဒါပြည်နယ်က လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင် အသစ်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တယ်ဆိုတဲ့ တရားစွဲမှုကြောင့် လုပ်ငန်း မပြီးဆုံးသေးခင် သြဂုတ် ၇ ရက်မှာ ပြည်ထောင်စုတရားသူကြီးတယောက်က ဆောက်လုပ်ခွင့်ကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။
Source: Reuters










