DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှုမှ မြန်မာလူငယ် ၂ ဦးကို မြန်မာသံရုံးက သွားတွေ့ရန် ပြင်ဆင်နေ
DVB
·
June 26, 2026
Photo: Bangkok Post
Photo: Bangkok Post
Donate to DVB

ထိုင်းတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော်ဖငန်းမြို့နယ် ခိုတောင် (လိပ်ကျွန်း) မှာ လွန်ခဲ့တဲ့ ၁၂ နှစ်က ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် တသက်တကျွန်း ချခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားလူငယ် ဝင်း နဲ့ ဇော်တို့ကို ထိုင်းနိုင်ငံဆိုင်ရာ စစ်အာဏာရှင် မြန်မာသံရုံး ကိုယ်စားလှယ်တွေ သွားတွေ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် နှစ်အတန်ကြာ ထောင်ဝင်စာသွားမတွေ့နိုင်ခဲ့တဲ့ ဝင်း နဲ့ ဇော်ကို စစ်အာဏာရှင် မြန်မာသံရုံးအနေနဲ့ သွားတွေ့ဖို့ ပြင်ဆင်နေပြီလို့ ဒီအမှုမှာ တစိုက်မတ်မတ် လိုက်လံ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ခုရက်ပိုင်းမှာ အကြောင်းကြားလာတာလို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ရဲ့ ဒါရိုက်တာ ဦးထူးချစ်က DVB ကို ပြောပါတယ်။

“သူတို့ကို ကျနော်တို့ မတွေ့ရတာလည်း ကြာပါပြီ။၊ ခုတော့ မြန်မာသံရုံးက သူတို့ကို သွားတွေ့ဖို့ ပြင်ဆင်နေတဲ့အကြောင်း လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ခဲ့တဲ့ ရှေ့နေဦးမျိုးသန့်က ကျနော့်ကို ဆက်သွယ် ပြောဆိုလာတယ်။”

ဘယ်နေ့ သွားတွေ့မလဲ ဆိုတာတော့ မသိရသေးကြောင်း၊ သူ့အနေနဲ့ကတော့ အခြေအနေအရ သွားတွေ့လို့ မရသေးပေမဲ့ ဝင်း နဲ့ ဇော်ရဲ့ မိသားစုဝင်တွေပါ သွားရောက်တွေ့ဆုံခွင့်ရရေးနဲ့ လိုအပ်တဲ့ ထောက်ပံ့ကူညီမှု ရရှိရေးတွေကို ကြိုးစားဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ DVB က ရှေ့နေ ဦးအောင်မျိုးသန့်ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ဝင်းနဲ့ ဇော်တို့ နှစ်ယောက်ဟာ ၂၀၁၇ ခုနှစ်မှာ တရားရုံးက သေဒဏ်ချမှတ်ပြီးတဲ့နောက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ်တသက်တကျွန်း လျှော့ပေါ့ခွင့်ရပြီး ဘန်ကောက် ဘန်ခဝမ် အကျဉ်းထောင်မှာ ကျနေတာပါ။

သူတို့နှစ်ယောက်ဟာ လွတ်ရက်မှန်းဆလို့မရတဲ့ အကျဉ်းထောင်ထဲမှာ နှစ်ရှည်လများ နေနေရပေမဲ့ စိတ်ဓာတ်မကျဘဲ ထောင်စည်းကမ်းလိုက်နာပြီး အင်္ဂလိပ်စာနဲ့ ထိုင်းစာကို ကောင်းမွန်စွာ လေ့လာလျက်ရှိတယ်လို့ ဦးထူးချစ်က ဆက်ပြောပါတယ်။

“သူတို့နှစ်ယောက်က ပြီးခဲ့တဲ့နှစ်က ကျနော့်ဆီကို စာတစောင်ပို့လာသေးတယ်။ ထောင်ထဲမှာ ကျန်းကျန်းမာမာ ရှိတဲ့အကြောင်းပေါ့။ ပြီးတော့ မြန်မာပြည်ထောင်ကို ပြောင်းလို့ရလားလို့လည်း မေးတယ်။ အဲလောက်ထိတော့ ကျနော်တို့လည်း လုပ်ပေးလို့ မရဘူးလေနော်။ နောက် သူတို့ လိုအပ်တာလေးတွေ စာအုပ်တွေ ဘာတွေ မှာတယ်၊ လိုအပ်တာတော့ ရှာပို့ပေးလိုက်ပါတယ်။ အဓိက အကျဆုံးက သူတို့မိခင်တွေ လာတွေ့ဖို့ပေါ့။ အဲဒီကိစ္စ ကျနော်ကူညီဆောင်ရွက်ပေးဖို့ ရှိပါတယ်။”

ဇော်လင်းထွန်း (ဇော်) နဲ့ ဝင်းဇော်ထွန်း (ဝင်း) လို့ခေါ်တဲ့ လူငယ် ၂ ယောက်ဟာ ရခိုင်ပြည်ကနေ ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ အလုပ်လုပ်နေစဉ် ၂၀၁၄ ခုနှစ်က  ဗြိတိန်နိုင်ငံက ချစ်သူစုံတွဲ လူငယ် ၂ ယောက် အသတ်ခံရတဲ့အမှု ဖြစ်ပွားပြီး ကျွန်းပေါ်ရှိ အာဏာပိုင်တွေက သူတို့ ၂ ယောက်ကို တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၂ ယောက်ဟာ လူသတ်တရားခံမဟုတ်ကြောင်း ကာယကံရှင်ကော ကျွန်းပေါ်ရှိ ဘဝတူ ရွှေ့ပြောင်းလုပ်သားနဲ့ ဒေသခံရွာသားတွေက ယုံကြည်သလို မြန်မာသံရုံး တာဝန်ရှိသူတွေနဲ့ အလုပ်သမား အဖွဲ့အစည်းတွေကလည်း သူတို့လွတ်မြောက်ရေးအတွက် တရားရုံးအဆင့်ဆင့် အယူခံဝင်ရေးမှာ ဝိုင်းဝန်းကူညီခဲ့ပေမဲ့ ဗဟိုရာဇဝတ်တရားရုံးကတော့ သေဒဏ် အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013