
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ဖလူး၊ မင်းလက်ပံကျေးရွာကို ၁၀ လနီးပါးကြာတဲ့အထိ ထိုးဖောက်ဖို့ကြိုးစားနေတဲ့ စစ်အာဏာရှင်တပ်စစ်ကြောင်းတွေဟာ လေးကေ့ကော်မြို့သစ်၊ ရဲကုန်းဘက်နဲ့ မြဝတီ-ဝေါလေးလမ်းပေါ်က ၃ ထပ်ကွေ့ကနေ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်ကျဆုံးသူများပြီး အထိနာနေတာကြောင့် ဝေဟင်နဲ့ မြေပြင်ပစ်ကူရယူနေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့နဲ့ ဝေါ လေဗျူဟာမကျရေး ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး ၁၀ လနီးပါးကြာ စစ်အာဏာရှင်စစ်ကြောင်းတွေဟာ ဝေဟင်နဲ့ မြေပြင်ပစ်ကူရယူပြီး စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေတာပါ။
စစ်တပ်စစ်ကြောင်းတွေဟာ လေးကေ့ကော်မြို့သစ်၊ ရဲကုန်းဘက်နဲ့ ဝေါလေလမ်းပိုင်းပေါ်က ၃ ထပ်ကွေ့ကနေ စစ်ကြောင်း ၂ ကြောင်းခွဲ့ပြီး စစ်ကြောင်းထိုးနေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်က ဝေဟင်နဲ့ မြေပြင်ပစ်ကူရယူနေရပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “စစ်ကြောင်းက နှစ်ဖက်ထိုးနေတယ်။ ရဲကုန်းဘက်ကတဖက်နဲ့ ဒီ ၃ ထပ်ကွေ့ဘက်က တဖက်။ ရှေ့ဆက်ကတော့ တိုက်ပွဲကတော့ မလွယ်ဘူးဖြစ်မှာပဲ သေချာတယ်။ (လေကြောင်းတိုက်ခိုက်မှု) ရှိတယ်။ ဒီဝေါလေဘက်မှာလည်း ရှိတယ်။ လေကြောင်းနဲ့ လက်နက်ကြီး။ သူကတော့ ထုနေမှာပဲ။ စခန်းဘက်ကိုကျလည်း ဘယ်သူကိုမှ ဂရိုက်စိုက်တာ လူမှ မဟုတ်”လို့ ပြောပါတယ်။
ဩဂုတ် ၁၇ ရက် ညနေပိုင်းက မြဝတီမြို့ တောင်ဘက်မှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)ရဲ့ အမှတ် ၉၁၅ ကျွန်းတောတပ်စခန်းကို စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၃ လုံး စခန်းဝင်းနဲ့ တပ်ဖွဲ့နားနေဆောင်ဘက်ကို ကျရောက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး တပ်မိသားစုဝင် ၂၀ နီးပါးဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိမှာလည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးသူတွေရှိပြီး အထိနာနေပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “ဝေါလေဗျူဟာကုန်းက စကမရဲ့ အရေးပါ အချက်အချာကျတဲ့ ကုန်းတခုဖြစ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဝေါလေဗျူဟာကုန်းကို မရရအောင် တိုက်မယ်ဆိုတဲ့ သံန္နိဋ္ဌာန်ချထားတယ်။ အဲဒီရဲ့နောက်ဆက်တွဲမှာက လက်ရှိစကမက ဖွဲ့စည်းထားတဲ့ စစ်တပ်ထဲမှာပါဝင်နေတဲ့ ပစတွေက သူတို့စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအရက ဝါသနာပါလို့ တိုင်းပြည်ကို ကာကွယ်ဖို့ စစ်တပ်ထဲကို ဝင်ရောက်နေတဲ့ ပစတွေမဟုတ်ဘူး။ အတင်းအဓမ္မဖမ်းဆီးနှိပ်စက်ခြင်း နည်းလမ်းမျိုးစုံနဲ့ ခေါ်ယူစုဆောင်းခြင်းခံထားရတဲ့ ပစတွေဖြစ်တဲ့အတွက်ကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အားကောင်းမှု မရှိဘူး။ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေမှာ စိတ်ဓာတ်ခွန်အားရှိတယ်။ ရည်ရွယ်ချက်ပန်းတိုင်ကိုသွားတဲ့နေရာမှာ အသိသာကြီး။ လုံးဝကိုကွဲပြား တယ်ဆိုတာ မြင်နေရတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အမြဲတမ်းလိုလိုက အောင်နိုင်မှုတွေ ရှိတယ်။ ကျနော်တို့မြင်တွေ့ရတယ်”လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာအပြင် လေကြောင်းရန်ကိုစိုးရိမ်ပြီး လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ ကျေးရွာက ဒေသခံ ၄,၀၀၀ ကျော်ဟာ သောင်းရင်းမြစ် တဘက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေ ရပါတယ်။
အောင်ခန့်











