
မြန်မာပြည်သူတွေရဲ့ အသက်နဲ့ အနာဂတ်ကို ကယ်တင်ဖို့အတွက် R2P အကောင်အထည်ဖော်မှုဟာ ကြာမြင့်စွာ နှောင့်နှေးနေပြီဖြစ်လို့ အခုအချိန်ဟာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ လုပ်ဆောင်ရမဲ့အချိန် ဖြစ်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောဆိုတိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အကာအကွယ်ပေးရန် တာဝန်ရှိမှု (R2P) ဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးမှာ ဇူလိုင် ၆ ရက်နေ့က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသွားတာ ဖြစ်ပါတယ်။
ပြည်သူတွေကို ကာကွယ်ဖို့ အဓိကတာဝန်ဟာ သက်ဆိုင်ရာနိုင်ငံမှာ ရှိပေမဲ့ နိုင်ငံတနိုင်ငံက ပျက်ကွက်တဲ့အခါ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မျက်ကွယ်မပြုဘဲ မဖြစ်မနေ တာဝန်ယူဆောင်ရွက်သင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ် တရားမဝင်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုဟာ ပြည်သူ ၈,၁၀၀ ကျော်ကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့ပြီး ပြည်တွင်း နေရပ်စွန့်ခွာသူ ၃ ဒသမ ၇ သန်းကျော် ရှိလာခဲ့ကြောင်း၊ အထူးသဖြင့် စစ်အုပ်စုရဲ့ အတုအယောင်အုပ်ချုပ်မှု ရက်ပေါင်း ၇၀ အတွင်းမှာပင် လေကြောင်းတိုက်ခိုက်မှု ၁,၁၄၇ ကြိမ်နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၀ ကြိမ်အထိ ကျူးလွန်ခဲ့ကြောင်း ထောက်ပြထားပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံထားပြီးဖြစ်လို့ ပြည်သူတွေအပေါ် ကြီးလေးတဲ့ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ တရားစွဲအရာရှိရဲ့ လျှောက်ထားမှုအပေါ် ICC အနေနဲ့ အလေးအနက်ထား ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
စစ်အုပ်စုထံ လက်နက်၊ ခဲယမ်းနဲ့ လေယာဉ်ဆီ စီးဆင်းမှုတွေကို ဖြတ်တောက်ဖို့ ပဋိညာဉ်စာတမ်း အခန်း (၇) အောက်ကနေ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အသစ် ချမှတ်ပေးဖို့ကိုလည်း ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ဘယ်နိုင်ငံမဆို စစ်အုပ်စုနဲ့ မဆင်မခြင် ဆက်ဆံတာနဲ့ သွယ်ဝိုက်ပါဝင်ပတ်သက်မှုတွေ မလုပ်ကြဖို့နဲ့ ဒီလိုလုပ်ဆောင်ချက်တွေကို မြန်မာပြည်သူတွေက နာကြည်းခါးသီးစွာ အမြဲမှတ်မိနေမှာ ဖြစ်တယ်လို့လည်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ထည့်သွင်းပြောသွားပါတယ်။
Photo: UN










