DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ် စစ်ရှောင်များကို နေအိမ်ပြန်ဆောက်ရန် စစ်အာဏာရှင် ဖိအားပေး
May 15, 2026
Photo : DVB
Photo : DVB
Donate to DVB

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်းက စစ်ရှောင်ပြည်သူတွေကို မေလအတွင်း နေအိမ်ပြန်လည် ဆောက်လုပ်ဖို့ စစ်အာဏာရှင်လက်အောက်ခံ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဖိအားပေးနေတာ ကြောင့် ဒေသခံတွေ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့  ပြည်လည်ဝင်ရောက် နေထိုင်သူတွေနဲ့ စစ်ရှောင်တွေက ပြောပါတယ်။

ကော့ကရိတ်မြို့တွင်းက စစ်ရှောင်ပြည်သူတွေကို ဧပြီ ၅ ရက်က မီးလောင်ပျက်စီးဆုံးရှုံးထားတဲ့ နေအိမ်တွေအတွက်  သစ် ၁ တန်၊ သွပ် ၅ ချပ်၊ ဘိလပ်မြေ ၁၀ အိတ်ပေးမယ်လို့ ပြောဆိုပြီး ပြန်လည်ဝင်ရောက်နေထိုင်ဖို့ မက်လုံးပေးခေါ်ယူခဲ့ပါတယ်။

ဒါအပြင် မေလ ဒုတိယပတ်ကစပြီး မီးလောင်ဆုံးရှုံးထားတဲ့နေအိမ်တွေ မေလအတွင်း အပြီးဆောက် လုပ်ဖို့ ဖိအားပေးစေခိုင်းခဲ့ပါတယ်။ တကယ်လက်တွေ့မှာတော့ ထောက်ပံ့မဲ့ အိမ်ဆောက်ပစ္စည်း ဘာမှ မရသေးဘူးလို့ ပြန်လည်ဝင်ရောက်နေထိုင်သူတွေက ပြောပါတယ်။

ဒေသခံတယောက်က “အခု တချို့လူတွေက ကြောက်ပြီးတော့ တဲလေးအဖြစ်ပေါ့။ တချို့က ကြောက်လို့ လုပ်ကြတယ်။ တချို့လူတွေက သိမ်းချင်သိမ်းကွာ ပြန်မလာတော့ပဲ ပေတေပြီးနေတဲ့ ဟာက နေတယ်။ ကြောက်နေကြတာ။ ပါးစပ်က ပြောတယ် ပေးမယ်လို့။ ဘာမှ မလာသေးဘူး။ အခု ကျနော်ခြံဆိုရင် ကိုယ်ကို ခုတ်တယ်။ ဘာပေးမယ် ညာပေးမယ်ဆိုပြီးတော့ စောင့်နေတာ။ ဘာမှ မပေးသေးပဲ။ မ‌ပေးတော့ ဘာမှမဆောက်ထားဘူး။ သိမ်းရင်လည်း သိမ်းသွားပစေတော့။ အခုက စားဖို့တောင် အကြိတ်အနယ်ပဲ။ ဘယ်လိုလို့ ဆောက်နိုင်မလဲ။  အခုက ဈေးက ဒီလောက်ကြီးတာ။ အိမ်တလုံးလုံး ရဖို့ မလွယ်ဘူး”လို့ ပြောပါတယ်။

လက်ရှိမှာလည်း   မီးလောင်ထားတဲ့ ခြံတွေ အိမ်တွေကို ပြန်ရှင်းလင်းဖို့နဲ့ မရှင်းလင်းတဲ့ ခြံတွေကို အကုန်ဘူဒိုဇာမြေတူးစက်နဲ့ ကလော်သွားမယ်လို့ ဆိုပါတယ်။

ဒါအပြင် သက်ဆိုင်ရာက ရှင်းလင်းပြီးပါက  မြေပြန်လည်တိုင်းပေးမယ်လို့ ပြောဆိုကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူတွေက ပြောပါတယ်။  ပြည်သူတွေဟာ အိမ်ပြန်လည်ဆောက်လုပ် ဖို့  အခက်အခဲတွေ အများကြီးလို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ရှောင်တယောက်က “အခက်အခဲတွေ အများအပြားကြားထဲမှာ ပြည်သူတွေက ဘယ်လိုလုပ် ပြန်ဆောက်မလဲ။ စားဝတ်နေရေးကလဲ တဖက်။ ဒါတွေဟာ မတရားဘူးလို့ အမိုးမြင်တယ်။ ပြည်သူတွေဟာ သူတို့ခများမှာလဲ မရှိရှာဘူးလေ။ အိမ်တွေ ဘာတွေ မီးလောင်တာ၊ မြေကွက်တွေ ပြန်တိုင်တာ၊ အိမ်တွေဘာတွေ ပြန်ဆောက်တာ ဒီလောက်ပေးတာ တချို့လူမရှိဘူးဆိုလည်း သူတို့ အဆုံးအရှုံးခံရမှာပေါ့။ အဲဒါတော့ တရားမျှတမှုက သိပ်မရှိဘူးပေါ့။ တချို့က (ပြန်လည် ဝင်ရောက်နေထိုင်ဖို့)လမ်းစရိတ်တောင်မှ မရှိဘူး။ ဘယ်လိုလုပ်မလဲ။ ဒီပိုက်ဆံနဲ့ ဘိလပ်မြေနဲ့က မလုံလောက်ဘူး။ ခံစားရတာပေါ့။ အမိုးတို့ဆိုရင် အိမ်ပါပြောင်ကုန်ပြီ။ မီးတွေ လောင်ကုန်ပြီ။ ဘာမှ မရှိတော့ဘူး”လို့ ပြောပါတယ်။

ဒါအပြင် ကော့ကရိတ်မြို့နယ်တွင်းက စစ်ရှောင်ပြည်သူတွေ တိုက်ပွဲကာလ ပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ထောင်စု စာရင်း၊ မှတ်ပုံတင်ပြုလုပ်တာ၊ စမတ်ကဒ်ရိုက်တာ၊ E-ID အချက်အလက် ပြင်ဆင်တာ တွေကို  ရက် ၁၀၀ စီမံချက်နဲ့  အခမဲ့ပြုလုပ်ပေးသွားမယ်လို့  မက်လုံးပေး ခေါ်ယူ ခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့ မြေပြင်မှာ ငွေပေးနေရတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013