
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်မှာ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုး ၀င်ရောက်လာတာကြောင့် ရွာပေါင်း ၁၅ ရွာက ပြည်သူ ၃,၀၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က နို၀င်ဘာ ၁၆ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ နိုဝင်ဘာ ၇ ရက်ကစပြီး ရွှေကျင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ၀င်ရောက်လာပြီး လက်နက်ကြီး၊ လေယာဉ်၊ ဒရုန်းတွေနဲ့ ကျေးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာလို့ ဆိုပါတယ်။
ရွှေကျင်မြို့နယ်အတွင်းထဲက ဇီးဖြူတောင်၊ ပနာဒဲ၊ ထီးဖဒို၊ မဲပျောထာ၊ မောထာ၊ ကဘူးလော၊ ဘလောခို၊ ပလေပလော၊ သဲခေါထာ၊ ရဲသောခီး၊ ကော်က၊ ထီးကလားခီး၊ ခမောက်ခွေ၊ ဝါးဖြူတောင်နဲ့ ကျုံတူးရွာက ဒေသခံပြည်သူ ၂,၉၂၅ ယောက် ထွက်ပြေးတိမ်းရှောင်နေရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၁၀ ရက်က NUG အထူးတိုင်းစစ်ဌာနချုပ် အပါအဝင် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်ထဲက KNU/KNLA တပ်စခန်း စုစုပေါင်း ၁၁ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်အာဏာရှင်တပ်ဘက်က သတင်းထုတ်ပြန်ပြီးနောက်ပိုင်း တိုက်ပွဲတွေ ရှိနေတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။











