
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငပြီကျွန်းကို ရှပ်ပြေးရေယာဉ်တွေနဲ့ အသေခံ ကမ်းကပ်ခဲ့ကြတဲ့ စစ်အာဏာရှင်တပ်က ကွန်မန်ဒို ၄၀ ကျော် ကျွန်းစပ်အရောက်မှာ ချေမှုန်းခံလိုက်ရပြီးနောက် စစ်တပ်က အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ကျွန်းကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ စစ်တွေမြို့ ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် တမိုင်ကျော်အကွာမှာရှိတဲ့ ငပြီကျွန်းကို အောက်တိုဘာ ၇ ရက်က စစ်သင်္ဘောတွေနဲ့ ကမ်းတပ်နိုင်ဖို့ ကြိုးပမ်းနေတာလို့ ဆိုပါတယ်။
အောက်တိုဘာ ၈ ရက်ညမှာ ရှပ်ပြေးရေယာဉ်တွေနဲ့ ကွန်မန်ဒိုတပ်သား ၄၀ ကျော်အား ကျွန်းပေါ်ကို အသေခံ တက်ခိုင်းခဲ့တာဖြစ်ပြီး ကျွန်းစပ်အရောက်မှာ ချေမှုန်းခံလိုက်ရတာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်တပ်က အထူးဒိုမန်ဒိုတွေနဲ့ အသေခံပြီး ကမ်းတက်ဖို့ ကြိုးပမ်းနေတာ။ နေဗီတွေ၊ ကမ်းထိုးယာဉ်တွေက ချဉ်းကပ်လို့ မရတာကြောင့် ရှပ်ပြေးရေယာဉ်တွေနဲ့ ကမ်းတက်တာ။ ကမ်းကမ်းစပ်ပေါ်အတက်မှာ စစ်တပ် ကွန်မန်ဒိုတွေ အားလုံး ချေမှုန်းခံလိုက်ရတာကြောင့် ကျွန်းတခုလုံးကို ဂျက်ဖိုက်တာတွေ၊ Y-12 တွေ ဗုံးကြဲတိုက်ခိုက်ပြီး ဖျက်ဆီးနေတယ်။ တနေ့ တနေ့ လေယာဉ်အစီး ဆယ်နဲ့ချီသုံးပြီးတော့ ဗုံးအလုံး ရာချီကြဲချပြီး တိုက်ခိုက်နေတာ။ မြစ်ဝမှာလည်း ရေတပ် သင်္ဘော ၅ စင်းထက် မနည်းရှိတယ်။”
စစ်အာဏာရှင်တပ်ဟာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေပေးပြီး ငပြီကျွန်းကို ကမ်းတက်နိုင်ဖို့ အသေခံ ကြိုးပမ်းခဲ့တာဖြစ်ပြီး အာရက္ခတပ်တော် အထူးတိုက်ခိုက်ရေးသမားတွေက လက်နက်ကြီးတွေနဲ့ အသေခံ ဒရုန်းတွေသုံးပြီး ဗျူဟာမြောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်အာဏာရှင်တပ်ဟာ ကမ်းပေါ် အခြေစိုက်မရနိုင်ဘဲ အကျအရှုံးတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပါတယ်။
ငပြီကျွန်းမှာ ရွာမ၊ အလယ်ရွာနဲ့ သရက်တော စတဲ့ ၃ ရွာရှိကာ အောက်တိုဘာ ၁၀ ရက်နေ့ နေ့လယ်ပိုင်းအထိ စစ်အာဏာရှင်တပ်က လာရောက်ဗုံးကြဲနေပြီး ကျွန်းမြို့ကနေ မီးခိုးတွေ မြင်နေရတယ်လို့ ပေါက်တော ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တပ်က ကမ်းတပ်မရတာကြောင့် လေယာဉ်နဲ့ တရစပ်ကြဲနေတာ။ အဓိကတော့ ဖျက်ဆီးတာ။ ကျွန်းပေါ်ကနေ မီးခိုးတွေ တွေ့နေရတယ်။ ပစ်ခတ်သံတွေကတော့ မစဲသေးဘူး။ ဒီနေ့နဲ့ဆို ၄ ရက်ရှိပြီ တိုက်ပွဲပြင်းထန်နေကြတာ။ ဒီကျွန်းက နှစ်ဖက်လုံးအတွက် အရေးပါတယ်၊ အသည်းအသန် ကြိုးပမ်းနေကြတာ။”
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ ပုဏ္ဏားကျွန်းထိုးစစ် စစ်ဦးကျိုးခဲ့ပြီးနောက် ပေါက်တောမြို့နယ် ငပြီကျွန်းဘက်ကို စစ်ဦးလှည့်ကာ ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းလာနေတာလည်းဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၄ ရက်နေ့ မနက်ပိုင်းလည်း ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာကို စစ်သင်္ဘောတွေနဲ့ ကမ်းတက်နိုင်ဖို့ ကြိုးပမ်းခဲ့သေးပြီး အာရက္ခတပ်တော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကမ်းမကပ်နိုင်ခဲ့ဘဲ ဆုတ်ပြေးခဲ့ရတာလည်းဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကတည်းက စစ်အာဏာရှင်တပ်ရဲ့ ရေတပ် သင်္ဘောတွေကို တိုက်ခိုက်နစ်မြုပ်ထားတဲ့ စွမ်းရည်ရှိထားတာကြောင့် စစ်သင်္ဘောတွေဟာ ကမ်းတက်တိုက်ပွဲတွေကို အရဲအတင်းမလုပ်ဝံ့ဘဲ လေကြောင်း ပစ်ကူတွေနဲသာ ကြိုးပမ်းနေကြရပါတယ်။











