
ထိုင်းအရှေ့မြောက်ပိုင်း ခွန်ကဲန်ခရိုင်က ဘုန်းကြီးတပါးဟာ ဒီတခေါက် မေ ၁၆ ရက်က ထွက်သွားတဲ့ ထိုင်းအစိုးရ အောင်ဘာလေထီ ပထမဆု ဘတ် ၆ သန်းတန်ကို နှစ်စောင်ပေါက်ပြီး စုစုပေါင်း ဆုငွေ ဘတ် ၁၂ သန်းရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ပထမဆုပေါက်ဂဏန်း ၁၀၇၃၈၇ ပါ ထီ နှစ်စောင်ကို လက်ဝယ်ကိုင်ထားပြီး ပြုံးရွှင်နေတဲ့ ဘုန်းကြီးတပါးပုံဟာ ထိုင်းလူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ခွန်ကဲန်ပြည်သူတွေရော အွန်လိုင်းပေါ်က လူအများစုဟာ ဝမ်းမြောက်စွာ သာဓုအနုမောဒနာ ခေါ်နေကြပါတယ်။
အဆိုပါ ကံထူးသူ ဘုန်းကြီးမှာ ခွန်ကဲန်ခရိုင် ဝိန်းနွဲ့မြို့နယ် လဟန်နားရပ်ကွက်ရှိ နောင်ဒူးဓမ္မရာမ တောရကျောင်းတိုက်က ဆရာတော်အမ်းနွေး ဆိုသူဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။
ဆရာတော်ဟာ ထီပေါက်တဲ့အကြောင်း ဝိန်းနွဲ့မြို့နယ် ရဲစခန်းမှာ အကြောင်းကြားပြီးဖြစ်တယ်။ အဲဒီငွေတွေနဲ့ ဆရာတော်ဟာ ဘယ်နေရာတွေမှာ လှူဒါန်းစွန့်ကြဲမလဲ ဆိုတာကိုလည်း သိချင်နေကြသလို မိမိပေါက်တဲ့ အလှည့်ရောက်ဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။
Source: Khaosod News










