
အောက်တိုဘာ ၁၆ ရက်က ထွက်ရှိသွားတဲ့ ထိုင်းအစိုးရ အောင်ဘာလေထီ ပထမဆု ပေါက်ဂဏန်း ၀၁၁၇၈၁ မှာ ဘန်ကောက်မှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံလည်း ကံထူးပြီး ဘတ်ငွေ ၆ သန်းဆု ရသွားပါတယ်။
အဆိုပါဇနီးမောင်နှံက ထီပေါက်တဲ့အကြောင်း မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ကို ဆက်သွယ်အကြောင်းကြားလာတာကြောင့် မနေ့ အောက်တိုဘာ ၁၉ ရက်ကပဲ နေ့ချင်းအပြီး ဆုငွေတွေ ကူညီထုတ်ပေးခဲ့တယ်လို့ MHAC ဦးဆောင်သူ ကိုရဲမင်းက DVB ကို ပြောပါတယ်။
ကံထူးရှင် ဇနီးမောင်နှံဟာ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇာတိဖြစ်ပြီး ကလေးမွေးထားတာလည်း ၃ လလောက်သာ ရှိသေးတယ်၊ သူတို့ ၂ ယောက်လုံး ဘန်ကောက်မြို့ရှိ စားသောက်ဆိုင်တဆိုင်က အလုပ်သမားတွေဖြစ်ပြီး ထိုင်းထီ ကံစမ်းထိုးရင်းက တကယ်ပဲ ဘတ် ၆ သန်းကို ကံထူးသွားတာလို့ ဆိုပါတယ်။
သူတို့ဇနီးမောင်နှံဟာ ဆုငွေထုတ်ပြီးတာနဲ့ MHAC မဟာမိတ်အဖွဲ့ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဘတ်ငွေ ၂ သိန်း လှူဒါန်းပေးခဲ့သလို MHAC မဟာမိတ်အဖွဲ့ရဲ့ အမာခံအဖွဲ့ဝင်တွေ အတွက်ရော အခက်အခဲတွေကြောင့် ရုံးမှာခေတ္တခိုလှုံနေရတဲ့ မြန်မာလုပ်သားတွေအတွက်လည်း ထောက်ပံ့ လှူဒါန်းပေးခဲ့ကြတယ်။
AAC အဖွဲ့ကနေ ဒီနေ့ MHAC မဟာမိတ်အဖွဲ့ ဖြစ်လာတဲ့အထိ အေအေစီ ရဲမင်း တာဝန်ခံ ထုတ်ယူပေးခဲ့တဲ့ ထိုင်းထီ ဘတ် ၆ သန်းဆုဟာ ဒီတကြိမ်နဲ့ပါဆိုရင် အကြိမ်ပေါင်း ၇၀ ရှိသွားပြီလို့ ကိုရဲမင်းက ပြောပါတယ်။
Source: Ye Min











