
ခုအပတ် ဇူလိုင် ၁၆ ရက်နေ့က ထွက်သွားတဲ့ ထိုင်းအစိုးရထီ ပထမဆုကို မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပေါက်သွားခဲ့ပါတယ်။
ကံထူးရှင် ရွှေ့ပြောင်းလုပ်သားတွေဟာ ရခိုင်ပြည်နယ်က ဇနီးမောင်နှံနဲ့ ရန်ကုန်တိုင်းက လူငယ်တယောက်တို့ဖြစ်ပြီး ထီပေါက်တာ သိသိချင်း 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ဆီကို ယုံကြည်စွာအကြောင်းကြားခဲ့တယ်လို့ ထိုင်းရောက် မြန်မာလုပ်သားကူညီစောင့်ရှောက်ရေး ကော်မတီ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက DVB ကိုပြောပါတယ်။
“ဒီတပတ်မှာ ကျနော်တို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေထဲက နှစ်ဦးတောင် ကံထူးပါတယ်ခင်ဗျ။ တဦးက ရခိုင်ပြည်နယ်၊ မင်းပြားဇာတိ ရခိုင်လူမျိုးဇနီးမောင်နှံပါ။ နောက်တဦးကတော့ ရန်ကုန်တိုင်းက လူငယ်တယောက်ပါ။ အဲဒီလူငယ်က ထိုင်းကိုရောက်လာတာ လပိုင်းပဲ ရှိသေးတယ်။ ထီလည်းမထိုးဖူးဘူး၊ ပထမဆုံးအကြိမ် ထိုးလိုက်တာနဲ့ တခါတည်းတန်းပြီး ပထမဆုပေါက်တယ်။ အင်မတန်ကံထူးပါတယ်။”
ကံထူးသူတွေ ဆုငွေထုတ်ယူရေးအတွက် 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့သားတွေက ဇူလိုင် ၁၇ ရက်နေ့က ကူညီဆောင်ရွက်ပေးခဲ့တာမှာ နေ့ချင်းပြီး အားလုံး တလုံးတခဲတည်း ရရှိခဲ့သလို မြန်မာပြည်မှာရှိတဲ့ မိဘဆွေမျိုးတွေဆီကိုလည်း ငွေလွှဲပြောင်းပေးဖို့ ကူညီစီစဉ်ပေးသွားဦးမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ကံထူးရှင်တွေကလည်း 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ ရေရှည်ရပ်တည်နိုင်ရေး ရန်ပုံငွေ လှူဒါန်းပေးခဲ့သလို 𝐌.𝐇.𝐀.𝐂 အမာခံအဖွဲ့ဝင်တွေအတွက်နဲ့ အခက်အခဲအမျိုးမျိုးကြောင့် ရုံးမှာ လာပြီးခိုလှုံနေရတဲ့ ဒုက္ခသည်တွေအတွက်လည်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
AAC အဖွဲ့ကနေ MHAC မဟာမိတ်အဖွဲ့ဖြစ်လာသည်အထိ AAC တာဝန်ခံထုတ်ယူပေးခဲ့တဲ့ ထိုင်းထီ ဘတ် ၆ သန်းဆုဟာ ဒီတကြိမ်နဲ့ဆိုရင် ၆၉ ကြိမ်အထိရှိ လာခဲ့ပြီး ပထမဆု ၂ စောင်တွဲ ၁၁ ကြိမ် ထုတ်ပေးခဲ့တယ်လို့ ကိုရဲမင်းက ပြောပါတယ်။











