
မလေးရှားနိုင်ငံ၊ မလက္ကာပြည်နယ်၊ အာလိုဂါဂျာခရိုင် ကီလီမက်ခ်ဒေသတွင်းမှာ မြန်မာပြည်က တင်သွင်းတဲ့ ကုန်ပစ္စည်းမျိုးစုံနဲ့ အရက်သေစာတွေ ရောင်းချတဲ့ ကုန်စုံဆိုင်တဆိုင်ကို လူဝင်မှုကြီးကြပ်ရေးဌာနက ဝင်ရောက်စီးနင်းရာမှာ ကလေးငယ် ၂ ယောက်အပါအဝင် မြန်မာ ၆ ယောက်ကို ဖမ်းဆီးလိုက်တဲ့အကြောင်း Malay Mail သတင်းမှာ ဇူလိုင် ၁၃ ရက်က ဖော်ပြပါတယ်။
မလက္ကာ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး အာနီဝမ်ဖော်ဇီရဲ့ ပြောပြချက်အရ မနက် ၁၀ နာရီလောက်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီစီးနင်းမှုအတွင်း အသက် ၄၀ ဝန်းကျင် အရွယ် အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁ ယောက်တို့ဆီမှာ နိုင်ငံကူးလက်မှတ်ပဲရှိတာကို တွေ့ရပြီး၊ အသက် ၁ နှစ်နဲ့ ၇ နှစ်အရွယ် ယောက်ျားလေးငယ် ၂ ယောက်ကတော့ တရားဝင် အထောက်အထားနဲ့ ခရီးသွားလာခွင့် စာရွက်စာတမ်း မရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဆိုင်အတွင်းအပြင်မှာ စီစီတီဗွီလုံခြုံရေးကင်မရာတွေ တပ်ဆင်ထားတဲ့ အဲဒီကုန်စုံဆိုင်ဟာ ဖွင့်လှစ်ထားတာ ၂ နှစ်လောက် ရှိပြီလို့ ကနဦး စုံစမ်းစစ်ဆေးချက်တွေအရ ယူဆရကြောင်း သူက ပြောပါတယ်။
“မြန်မာနိုင်ငံသားတွေဆီကရတဲ့ ကနဦး အချက်အလက်တွေအရတော့ ဒီဆိုင်ဟာ ဒေသခံတဦး ပိုင်ဆိုင်တာဖြစ်ပြီး လုပ်ငန်းလိုင်စင်ကတော့ အလီဘာဘာစနစ်လို့ ခေါ်တဲ့ ဒေသခံလိုင်စင်ကို အကာအကွယ်ယူပြီး နိုင်ငံခြားသားတွေကပဲ လက်တွေ့ ဦးစီးလုပ်ကိုင်နေတဲ့ ပုံစံမျိုး ဖြစ်နိုင်ပါတယ်။ ဒီစစ်ဆင်ရေးမှာ ကျနော်တို့ဟာ ကီလီမက်ဒေသက နိုင်ငံခြားသားတွေကို ခန့်အပ်ထားတဲ့၊ ဒါမှမဟုတ် နိုင်ငံခြားသားတွေ ကိုယ်တိုင် လည်ပတ်နေတဲ့ ဆိုင်အတော်များများကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာပါ။”
ဒီစစ်ဆင်ရေးအတွင်းမှာပဲ၊ တမန်ဆီရီ ကီလီမက်က မာမက် စားသောက်ဆိုင်တခုမှာ အလုပ်လုပ်နေပြီး ဗီဇာသက်တမ်းကျော် နေထိုင်နေတဲ့ အိန္ဒိယအမျိုးသား ၃ ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ အာနီဝမ်ဖော်ဇီက ဆက်ပြောပါတယ်။
ဝင်ရောက်စီးနင်းချိန်မှာ အသက် ၃၀ ဝန်းကျင်အရွယ် အဆိုပါ အမျိုးသား ၃ ယောက်ဟာ စားပွဲထိုး၊ ပလာတာလုပ်သူနဲ့ အဖျော်ဆရာအဖြစ် အလုပ်လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။
အာလိုဂါဂျာနဲ့ မလက္ကာတန်ဂါးခရိုင်တွေမှာ ပြုလုပ်ခဲ့တဲ့ ဒီစစ်ဆင်ရေးအတွင်း နိုင်ငံခြားသား စုစုပေါင်း ၆၄ ယောက်ကို စစ်ဆေးခဲ့ပြီး တရားဝင် အထောက်အထားမရှိတာ၊ ဗီဇာစည်းကမ်း ချိုးဖောက်တာနဲ့ ဗီဇာသက်တမ်းကျော် နေထိုင်တာ စတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု အမျိုးမျိုးကြောင့် အယောက် ၄၀ ကို ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၁ နှစ်ကနေ ၄၀ အတွင်းရှိပြီး ကလေးငယ် ၂ ယောက်အပါအဝင် အမျိုးသား ၂၇ ယောက်နဲ့ အမျိုးသမီး ၁၃ ယောက် ပါဝင်ပါတယ်။
သူတို့ထဲမှာတော့ အင်ဒိုနီးရှား ၇ ယောက်၊ ဘင်္ဂလားဒေ့ရှ် ၇ ယောက်၊ အိန္ဒိယ ၁၄ ယောက်၊ မြန်မာ ၈ ယောက်နဲ့ နီပေါ ၄ ယောက်တို့ ပါဝင်နေပြီး ဖမ်းဆီးချိန်မှာ နိုင်ငံခြားသားတချို့ဟာ အနီးနားက တောအုပ်ထဲကို ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ကြသလို၊ ကားလမ်းကိုလည်း စိုးရိမ်စရာကောင်းလောက်အောင် ဖြတ်ပြေးခဲ့ကြပေမဲ့ သူတို့အားလုံးကို ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Source: Malay Mail










