
ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ် (Certificate of Identity -CI) မလိုဘဲ ပန်းရောင်ကတ်နဲ့ Work permit တို့ အသုံးပြုပြီး နေထိုင်အလုပ်လုပ်ခွင့်ရရေး တောင်းဆိုနေချိန်မှာ စီအိုင် ပြုလုပ်သူအရေအတွက် နည်းပါးသွားတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ စမွတ်စခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီတို့မှာ CI ထုတ်ပေးရေးစခန်း ၅ ခု ဖွင့်လှစ်ထားပြီး စီအိုင်စခန်းတွေမှာ လာရောက် လုပ်ကိုင်သူ နည်းနည်းပဲ ရှိခဲ့ပါတယ်။
စီအိုင်စခန်းတွေကို အောက်တိုဘာ ၁၄ ရက်မှာ ဖွင့်လှစ်ခဲ့ပြီး ၅ ရက်အတွင်း လာရောက် လုပ်ကိုင်သူ ၁၅၀၀ ဝန်းကျင်ပဲရှိတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က Tik Tok ဆိုရှယ်မီဒီယာကနေ ပြောဆိုခဲ့ပါတယ်။
“ပြီးခဲ့တဲ့ရက်အထိကတော့ လူစုစုပေါင်း ၁,၅၀၀ လောက် CI ကို လုပ်ကြပါတယ်။ အရေအတွက်က သိပ်မဆိုးပါဘူး။ ဒါပေမဲ့လည်း ထိုင်းဘက်မှာ ဘာတွေဖြစ်နေလဲဆိုရင် မြန်မာနိုင်ငံဘက်က အဲဒီကို ရောက်နေပြီးတော့မှ နိုင်ငံရေးလှုပ်ရှားမှုတွေ လှုပ်ရှားတဲ့လူတွေက CI စခန်းတွေကို မသွားကြနဲ့၊ CI မရှိဘဲ Passport မရှိဘဲနဲ့လည်း ဘတ်(ပန်းရောင်ကတ်) နဲ့ Work Permit တခုနဲ့တင် အလုပ်လုပ်လို့ရတယ် ဆိုတာမျိုး ပြောနေတာတွေ ရှိပါတယ်။”
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ CI စာအုပ်မလိုဘဲ ပန်းရောင်ကတ်နဲ့ Work Permit ကို အသုံးပြုပြီး တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရဖို့ အောက်တိုဘာ ၁၈ ရက်ကစပြီး လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြတာပါ။
မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT) က ဦးဆောင်ပြုလုပ်တဲ့ အွန်လိုင်းလှုပ်ရှားမှုမှာ အလုပ်သမား ၁၅,၀၀၀ ကျော် ပါဝင် တောင်းဆိုနေကြပါတယ်။
CI ပြုလုပ်ခ တရားဝင်ဈေးနှုန်းက ဘတ် ၂,၆၆၀ ဖြစ်ပေမဲ့ ပွဲစားခအပါအဝင် လက်တွေ့ ကုန်ကျစရိတ်က ဘတ် ၅,၀၀၀ ကျော်ကနေ ဘတ် ၁ သောင်းထက်မနည်း ရှိနေတဲ့အပြင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနဲ့ မိသားစုဆီလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း အထောက်အထား ပြသရတာကလည်း အလုပ်သမားတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါတယ်။
အလုပ်သမားတွေဟာ CI စာအုပ် မဖြစ်မနေလုပ်ရတာ ကင်းလွတ်ခွင့်ရရေး၊ CI နဲ့ ပတ်စ်ပို့ မလိုဘဲ ပန်းရောင်ကတ်နဲ့ Work Permit အသုံးပြုပြီး နေထိုင်အလုပ်လုပ်ခွင့်ရရေး၊ ဗီဇာမရှိသူတွေကို Work Permit သက်တမ်းတိုးခွင့်ပြုရေးနဲ့ ပန်းရောင်ကတ်ကို အခြေခံပြီး တရားဝင် နေထိုင်ခွင့်ရရှိရေးတို့ကို စုပေါင်းတောင်းဆိုနေတာပါ။
ကမ်ပိန်းကတဆင့် လက်မှတ်ရေးထိုး စုပေါင်းတောင်းဆိုမှုကနေ အလုပ်သမားထုရဲ့ သဘောထားဆန္ဒလက်မှတ်တွေကို ထိုင်းအစိုးရ၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းလွှတ်တော်ဆီကို တင်ပြသွားမယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT) က ထုတ်ပြန်ထားပါတယ်။











