
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာကျေးရွာမှာ ဧပြီ ၂၂ ရက် ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ သေဆုံးသူအမျိုးသားမှာ အသက် ၃၀ ခန့် အရွယ်ဖြစ်ပြီး ရုပ်အလောင်းကို အောင်ရာကျေးရွာလမ်းဆုံ၊ ကောင်းပြည့် စက်သုံးဆီအရောင်းဆိုင်အနီးမှာ ညာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာတချက်နဲ့ သေဆုံးနေတာကို ဒေသခံတွေက စတင်တွေ့ရှိတာလို့ ဆိုပါတယ်။
ဒေသခံ အရပ်သားတယောက်က “သေဆုံးသူက ရင်ဘတ်မှာ သေနတ်ဒဏ်ရာတချက်နဲ့ သေဆုံးနေတာ။ လူမှုကူညီရေးအသင်းကတော့ သုသာန်ကို ပို့ဆောင်လိုက်တာ တွေ့ရပါတယ်။ ပစ်သတ်ခံရတာ ဘယ်သူလဲတော့ မသိဘူး။ တာဝန်ရှိသူတွေက စစ်ဆေးထားတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။
အဆိုပါ သေဆုံးအမျိုးသားရုပ်အလောင်းကို လုံးခင်းအခြေစိုက် သင်္ဂဟ လူမှုကွန်ရက်အသင်းက လုံးခင်းကျေးရွာ သုသာန်ကို သယ်ယူပို့ဆောင်ထားပါတယ်။
ဧပြီ ၁၉ ရက်ကလည်း မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက် နယ်မြေ ၁၀၊ မြေမြင့်ဘုန်းကြီးကျောင်းအနီး လမ်းဘေးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးအမျိုးသား အလောင်းတခုကို ဒေသခံတွေ တွေ့ရှိခဲ့ပါတယ်။











