
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့အတူ ဘဝရဲ့ လမ်းကြောင်းတွေ ပြောင်းလဲသွားခဲ့ပြီးနောက် စစ်ဘေးရှောင်စခန်းမှာ ကိုယ်ထူကိုယ်ထကျောင်းလေး ထူထောင်ရင်း ကလေးတွေရဲ့ ပညာရေး မပြတ်တောက်အောင် ကြိုးစားနေသူကတော့ ကရင်နီပြည်နယ်မှာဖွင့်ထားတဲ့ ရောင်နီသင်တန်းကျောင်းက CDM ကျောင်းဆရာမလေး Maw Phoe Hsu Sha ပဲဖြစ်ပါတယ်။
သူဟာ တောထဲမှာ စစ်ဘေးရှောင် ကလေးငယ်တွေရဲ့ ပညာရေးအတွက် အခက်အခဲ စိန်ခေါ်မှုများစွာကြားကနေ ရုန်းကန်ဖြတ်သန်းရင်း ကိုယ်တိုင်လည်း လူငယ်တယောက်အနေနဲ့ စွမ်းရည်ပိုမို တိုးတက်ဖို့ ရောင်နီ လူမှုဖွံ့ဖြိုးရေး သင်တန်းကျောင်းကို ရောက်ရှိလာခဲ့ပြီး အမျိုးသမီးတယောက်အနေနဲ့ ခေါင်းဆောင်မှု စိန်ခေါ်မှုတွေကို ရိုက်ချိုးကာ လူငယ်တွေနဲ့ စစ်ရှောင်ကလေးတွေရဲ့ ပညာရေးအတွက် ဆက်လက် ကြိုးစားနေတဲ့ ဆရာမ Maw Phoe Hsu Sha ရဲ့ အတွေ့အကြုံတွေကို DVB Women’s Voice အစီအစဉ်မှာ သတင်းထောက် ဒီဂျူလိုင်က ဆက်သွယ်မေးမြန်းထားတဲ့ ရင်ဖွင့်သံတွေကို ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။
ရုန်းကန်ရသည့် ပညာရေးခရီးမှသည် အိပ်မက်သစ်များဆီသို့
ကျမလည်း ပညာရေး ကောလိပ်က ဆရာမ တယောက် ဖြစ်တယ်ပေါ့နော်။ ပြီးတော့ ၂၀၂၁ အာဏာလည်း သိမ်းသွားရော ကျမ CDM လုပ်လိုက်တာပေါ့နော်။ ဆိုတော့ အဲ့ဒီ တနှစ်လုံး ကျမတို့ စစ်ရှောင် လာခဲ့တာပေါ့။ ၂၀၂၂ ဝန်းကျင် ရောက်တဲ့အခါမှာ ကျမ ပြန်တွေးလိုက်တာပေါ့နော်။ ဒီလိုပဲ နေမယ်ဆိုလို့ရှိရင် ပညာရေးကဏ္ဍက ဘယ်မှာလဲပေါ့နော်၊ မရှိနေဘူးပေါ့။ အဲ့ဒါဆိုတော့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကိုယ်က နည်းနည်းလေး စပြီးတော့ လုပ်ကြည့်ကြည့်မလားပေါ့နော်။ လုပ်ကြည့်လိုက်လို့ရှိရင် ကျန်တဲ့လူတွေလည်း လိုက်ပါလာမှာပဲ ဆိုတဲ့စိတ်နဲ့ ကျမ စပြီးတော့ မိဘတွေကို ပြောကြည့်တာပေါ့နော်။ ကိုယ့်ထူကိုယ်ထ အနေနဲ့ ပြန်စကြည့်မယ် ဆိုပြီးတော့ ကျမတို့ ပြန်စလိုက်တာပေါ့နော်။ ကျမတို့ ရှိတဲ့ ဆရာမ အင်အားလေးနဲ့ပေါ့နော်၊ အစနည်းနည်းလေးကနေ စခဲ့တာပေါ့။ ဆိုတော့ တဲလေးနဲ့ပဲပေါ့။ ကျမတို့ နေတဲ့ နေရာကကျတော့လည်း ချိုင့် ဖြစ်နေတော့ မိုးရွာလို့ရှိရင် ရေတက်လာတာပေါ့နော်။ အဲ့ကနေမှပဲ ကျမတို့က ဖြတ်ပြီးတော့ပေါ့နော်၊ အဲ့ရေပေါ် ဖြတ်ပြီးတော့ ရေကို ဖြတ်ပြီးတော့လည်း စာသင်ခဲ့တဲ့ ဟာတွေပေါ့နော်။ အဲ့တော့ တနေ့ပြီး တနေ့၊ စစ်ရှောင် ကာလလည်း ကြာလာတော့ ဒီလိုပုံစံနဲ့ဆိုတော့ အဆင်မပြေတော့ဘူးပေါ့နော်။ အဆင်မပြေတော့ ကျမတို့ ညီအစ်ကိုမောင်နှမတွေပေါ့နော်၊ မိဘပြည်သူတွေပေါ့၊ အဲ့ဒါနဲ့ သူတို့ ပေါင်းပြီးတော့ တခြား အလှူရှင်တွေဆီကနေပေါ့နော်၊ သူတို့နဲ့ ပူးပေါင်းပြီးတော့ ကျမတို့ ကျောင်းလေးတွေ ဆောက်ခဲ့ကြတာပေါ့နော်။ အဲ့ဒါ ကျောင်းလေးတွေ ဆောက်ပြီးတော့ ကျမတို့ ကျောင်းအနေအထား တခုတော့ ရောက်လာတယ်ပေါ့နော်။ ကျမ အဲ့မှာပဲ ကလေးတွေနဲ့ပေါ့နော်၊ စာတွေ သင်ပေးတယ်။အဲ့တော့ ၃၊ ၄ နှစ် ဝန်းကျင်လောက် ရောက်လာတယ်ပေါ့နော်။ အဲ့လောက် ရောက်လာတော့ ကျမ တွေးလိုက်တာပေါ့နော်။ တရက်လာလည်း ကျောင်းသွားတယ်၊ ပြီးတော့ စာသင်တယ်၊ ပြီးကလေးတွေနဲ့ ပျော်တယ်ပေါ့နော်။ ဒါပေမဲ့ ဒါကတော့ လုပ်ရမဲ့ ကဏ္ဍတခုတော့ ဟုတ်တယ်။ ပုံမှန် လုပ်ရမဲ့လုပ်ငန်းစဉ် တခုပေါ့နော်။ ဒါပေမဲ့ ဒီလိုပုံစံပဲ ကိုယ့်ဘာသာကိုယ် အားမရနေဘူးပေါ့နော်။ ဆိုတော့ အဲ့ကနေပေါ့နော်၊ ကျမ ခဏ ထွက်လာခဲ့တာပေါ့နော်။ ထွက်လာပြီးတော့ အခု လက်ရှိ အခြေအနေထိမှာ ကျမဒီ ရောင်နီကျောင်းမှာပေါ့နော် Trainer တယောက်အနေနဲ့ တာဝန်ထမ်းဆောင်ပြီးတော့ သင်တန်းပို့ချပေးနေတယ်ပေါ့။
ပထမဆုံး ကျမက ဆိုရှယ်မီဒီယာပဲ သုံးတာပေါ့နော့် ဆိုတော့ အဲ့ကနေပဲ ကျမ တွေ့တာပေါ့နော်။ တွေ့ပြီးတော့ ကျမကြည့်လိုက်တယ်ပေါ့။ ကျမ ကြည့်လိုက်တော့ လူငယ်နဲ့ ပတ်သက်တဲ့ဟာလည်း ဖြစ်တယ်။ ကိုယ်ကလည်း လူငယ်ထဲက လူငယ်တယောက်လည်း ဖြစ်တယ်ပေါ့နော် အဲ့လို ဖြစ်တဲ့အခါကျတော့ အရမ်းစိတ်ဝင်စားသွားတယ်ပေါ့။ ကိုယ်က ဒီကနေ ထွက်လာခဲ့ရင်တောင်မှ လူငယ် ကဏ္ဍတခုမှာ ဒီထက်ပိုလုပ်နိုင်တဲ့ ကဏ္ဍတွေ ရှိမှာပါဆိုတဲ့ဟာမျိုးနဲ့ အဲ့ဒါကြောင့် ကိုယ်က ဆိုရှယ်ကနေပဲ တွေ့ပြီးတော့ လျှောက်ဖြစ်ခဲ့တာပေါ့နော်။ အဓိကကတော့ ဟို ကျောင်းဆက်မတက်နိုင်တဲ့ ကလေးတွေအတွက်ရော၊ ပြီးတော့ ဟို Grade 12 ပေါ့၊ အဲ့ဒီ အတန်းပြီးသွားခဲ့ပြီးတော့မှ ဘယ်ကို သွားရမှန်း မသိတဲ့ လူငယ်တွေအတွက်လည်း ကျမတို့က ခေါ်တာပေါ့နော်။ ဆိုတော့ အဓိကကတော့ ၁၅ နှစ်ကနေ ၂၃ ဝန်းကျင်ပေါ့။ ဆိုတော့ အဓိက ဘာတွေ သင်ပေးလဲဆိုလို့ရှိရင်တော့ ဟို Social Development ရယ်၊ ပြီးတော့ Life Skill ရယ်ပေါ့နော်။ ကျမတို့ ဒီ Social ပိုင်းတော့ အဓိက ၆၀ ရာခိုင်နှုန်း ပိုင်းတော့ ပါတာပေါ့နော်။ ဟို Life Skill အခါကျတော့ ကျမတို့ ဟို Work Skill တွေ ထည့်ထားတယ်ပေါ့နော်။ ပြီးတော့ ဟို Computer ပိုင်းရယ်၊ English ပိုင်းရယ်၊ ပြီးတော့ Dance ပေါ့နော်။ ပြီးရင် Music အပိုင်း တစ်ချို့ရယ်၊ ပြီးတော့ Sport တွေပေါ့နော်၊ အဲ့ဒါတွေ ဟို သင်ပေးတယ်ပေါ့။
စစ်ဘေးကြားက ကျောင်းလုံခြုံရေးနှင့် ဗုံးခိုကျင်း
အရင်က ကျမတို့ သင်ခဲ့တဲ့ ဒီ စစ်ဘေးရှောင် စခန်းကျတော့ ဘာမှမရှိတဲ့ အခြေအနေ တခုပေါ့နော်။ ဥပမာဆို ဝါးလုံးတလုံးဆို ဝါးလုံးတလုံးတောင် မရှိသေးတဲ့ အခြေအနေမျိုး ဖြစ်တာပေါ့နော်။ အဲ့အခြေအနေ တခုကို ကျမတို့ တော်တော်လေးတော့ ရုန်းကန်လာခဲ့ရတာပေါ့။ အခက်အခဲတော့ အများကြီး ရှိတယ်ပေါ့။ အဲ့တော့ သင်ကြားရေးတခု သွားတဲ့အခါမှာ အဆောက်အအုံ လုံခြုံမှုကလည်း အရေးကြီးတာကိုး။ အဲ့လိုမျိုး ဖြစ်တဲ့အခါကျတော့ ကျမတို့ အဆောက်အအုံ တခုရယ်၊ ပြီးတော့ နေရာလုံခြုံမှုပေါ့နော်။ ဟို လက်နက်ကြီးကျတာတို့၊ ဒါမှမဟုတ် လေယာဉ်သွားတာတို့... အဲ့ဒါတွေကအစ ကျမတို့လည်း ကြုံတွေ့ခဲ့ရတာပေါ့နော်။ ဆိုတော့ အဲ့မျိုးကအစ ကျမတို့လည်း အန္တရာယ်တခု ဖြစ်တာပေါ့နော်။ အဲ့အခြေအနေ တခုက တော်တော်လေး ဖြတ်ကျော်လာခဲ့ရတာပေါ့။ ပြီးရင် ရေကြီး ရေလျှံမှုတွေလည်း ဖြစ်တဲ့အထိ ပေါ့နော်။ ကျမတို့ တော်တော်လေး ကြုံတွေ့ခဲ့ရတာပေါ့။ တခါတလေဆိုရင် စာသင်နေရင်း တန်းလန်းနဲ့လည်း လေယာဉ်လာပြီပြောလိုက်ရင် ဖိနပ်မပါပဲနဲ့လည်း ပြေးခဲ့ရတာပေါ့။ အဲ့အတွက် တော်တော်လေး အမှတ်ရတာပေါ့နော်။ ဒဏ်ရာ ဒဏ်ချက်တွေ ဘယ်လိုရှိလဲဆိုရင်လည်း မသိတော့ဘူးနော်။ အဓိက လွတ်ရာပြေးမယ်ဆိုတဲ့ ဟာမျိုး တခုပဲပေါ့။ ကိုယ်ရောက်သွားပြီဆိုရင် ကိုယ့်ဘာသာကိုယ် စိတ်ပြန်ငြိမ်လိုက်တယ်။ စကားတောင် မပြောနိုင်တဲ့ အခြေအနေတခုလည်း ဖြစ်လာတာပေါ့။ အဲ့လိုမျိုး ဖြစ်လာတဲ့ အခါမျိုးမှာ ကိုယ့်ဘာသာကိုယ် စိတ်ငြိမ်ငြိမ်ထား ဘာမှမဖြစ်ဘူး။ ဒီမှာ လုံခြုံတဲ့နေရာ တခုရှိတယ် ဆိုတဲ့ စိတ်ကို ပြန်ထားတယ်။ ပြန်ပြီးတော့ ခွန်အားယူတယ်။ အခု လက်ရှိ အနေအထား တခုနဲ့ ရောက်လာတဲ့ အခါမျိုးမှာတော့ နည်းနည်းတော့ ကွာဟလာတယ်ပေါ့။ နည်းနည်းလေး အဆင်ပြေနေတယ်ဆိုတဲ့အနေအထား တခုတော့ ရောက်လာတယ်ပေါ့နော်။ အဲ့တော့ အရင်ကထက်စာရင် ပိုပြီးတော့ ကျောင်းရဲ့ အနေအထားတခုကတော့ အဆင်ပြေတယ်။ ဒါပေမဲ့ ကျမတို့ ဒီ လုံခြုံရေးနဲ့ ပြောမယ်ဆိုလို့ရှိရင်တော့ ဟို လေယာဉ်ပေါ့နော်၊ လေယာဉ် တခုတော့ အရမ်း စိုးရိမ်ရတာပေါ့နော်။ ဆိုတော့ အဲ့တခုကျတော့ အနည်းဆုံးတော့ ကျမတို့ ကျောင်းမှာတော့ ဗုံးခိုကျင်းတော့ သေသေချာချာတော့ လုပ်ထားတာပေါ့နော်။ စိတ်မချရဘူး ဆိုပေမဲ့ အနေအထားတခုတော့ ကျမတို့ ဟို စီစဉ်ထားတာမျိုးတော့ ရှိတယ်ပေါ့နော်။ ပြီးတော့ ကျမတို့ နေတဲ့ နေရာမျိုးကကျတော့ အဓိကတော့ လေယာဉ်တခုရယ်၊ ဒရုန်းရယ်တော့ စိတ်ပူရတာပေါ့။ သူတို့ဘက်ကနေ အာမခံချက် အဲ့လိုမျိုး ပေးထားတာမျိုးတော့ ကျမတို့ အတိအကျ အဲ့လိုမျိုးပေါ့နော် ခိုင်ခိုင်မာမာကြီး ပြောထားတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ ဒီကျောင်း ရောက်လာပြီဆိုတာနဲ့ အတတ်နိုင်ဆုံးတော့ ကျမတို့ဘက်ကနေ လုံခြုံအောင်ပေါ့နော်။ ပြီးလို့ရှိရင် အန္တရာယ် ဘယ်လို ကာကွယ်ရမလဲ ဆိုတဲ့ဟာတွေ သင်တန်းတွေကအစပေါ့၊ သူတို့ကို ဘယ်လိုမျိုး ကာကွယ်ရမလဲ၊ ဒီလိုမျိုး တွေ့လာလို့ရှိရင် ဘယ်လိုပုံစံတွေနဲ့ ပြုမူရမလဲ ဆိုတဲ့ ဟာတွေကကျတော့ ပြောပြထားရတယ် အသိပညာတွေ ပေးရတာတော့ ရှိတာပေါ့နော် သူတို့ကို။
စိန်ခေါ်မှုများကြားက အမျိုးသမီးခေါင်းဆောင်မှုနှင့် စိတ်ဓာတ်ခွန်အား
ကျမတို့ကတော့ အခက်အခဲတော့ အများကြီးရှိတာ၊ ဒီ အာဏာသိမ်းစကတည်းက အခက်အခဲ ပိုကြုံတွေ့ရတာပေါ့နော်။ အခု လက်ရှိ လုပ်နေတဲ့အပေါ်မှာ ဆိုလို့ရှိရင် အမျိုးသမီးကဏ္ဍ အနေနဲ့ဆို ဦးဆောင်မှုအပိုင်း ပေါ့နော်။ ဟိုးအရင်ကဆို အယူအဆတွေ၊ အတွေးအခေါ်တွေ အဲမှာကတည်းက ရိုက်ထည့်ပေးလိုက်တဲ့ အခါမျိုးမှာ ကျမတို့ အမျိုးသမီးတွေက ဘာဖြစ်သွားလဲဆိုတော့ မဦးဆောင်နိုင်ဘူး၊ ပြီးလို့ရှိရင် အမျိုးသမီးတွေဆိုရင် ဒါတွေ မလုပ်ရဘူး ဆိုတဲ့ဟာမျိုးတွေ ကန့်သတ်ထားတဲ့အပိုင်းတွေ အဲဒါတွေ တော်တော်များ တွေ့ခဲ့ရတာပေါ့။ ကိုယ်လည်း အဲဒီကတည်းက ရပ်တည်လာတဲ့ အခါမျိုးမှာ ပြန်ရိုက်ချိုးဖို့ဆိုတာ တအားခက်တာပေါ့နော်။ ကိုယ့်အနေနဲ့က ဒီကဏ္ဍတခုကို ပြန်ပြီးတော့ သွားနေတဲ့ အခါမျိုးမှာ ဆိုလို့ရှိရင် ပညာတွေ အများကြီး ယူရတာပေါ့။ အကြမ်းဖက်ခံရတာတွေကအစ အဲ့လိုမျိုးတွေပေါ့။ အဲလိုမျိုးတွေ သိလာတဲ့ နောက်ပိုင်းမှာကျတော့ အမျိုးသမီးတွေလည်း ဦးဆောင်နိုင်တယ်၊ စွမ်းဆောင်ရည် ရှိတယ်၊ အရည်အချင်းတွေ ရှိတယ်၊ လုပ်နိုင်တယ် ဆိုတဲ့ဟာတွေ မြင်လာတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ရှိလာတာပေါ့။ အရှေ့ကနေ ကိုယ့်ရဲ့ လူငယ်တွေအတွက်ပေါ့နော်၊ ကိုယ်မားမားမတ်မတ်လည်း အရှေ့ကနေ ရပ်တည်ပေးနိုင်တယ် ဆိုတဲ့ဟာမျိုးတွေလည်း ထွက်လာတာပေါ့။ အဲဒီအရာတခုကို ရိုက်ချိုးဖို့ ဆိုလို့ရှိရင် ကိုယ့်အတွက်ကတော့ အဲဒီ ရိုက်ချိုးတဲ့ စိန်ခေါ်မှုတစ်ခုကတော့ တော်တော်လေးတော့ ကြုံတွေ့ခဲ့ရတာပေါ့။
ကျမဆိုရင် အရင်ကဆို တခုခု ပြောလိုက်ရင် emotion အရမ်း ဖြစ်တာပေါ့နော်။ ဒါပေမဲ့ အဲဒီအတွက်ကို ကျမက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ပေါ့နော်။ ကိုယ်မှမရှိရင် ဘယ်သူရှိမလဲ ဆိုတဲ့ဟာမျိုးပေါ့နော်။ အဲဒါကို အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပြီးတော့ အားယူတယ်။ အားယူပြီးတော့ ကိုယ့်ရဲ့ ဘေးပတ်ဝန်းကျင်ကို ကိုယ်ဘယ်လို sharing လုပ်ပေးနိုင်မလဲ၊ သူတို့ကို ဘယ်လို encourage တွေနဲ့ ဘယ်လို ပံ့ပိုးပေးနိုင်မလဲ ဆိုတဲ့ဟာတွေကအစပေါ့ သူတို့ဆီကနေ အားယူတဲ့အပိုင်းလည်း ရှိသလို ကိုယ်ကိုယ်တိုင်ကလည်း စပြီးတော့ လုပ်ရတဲ့ အပိုင်းမျိုးတွေဆိုတာကလည်း ကိုယ့်ကိုယ်ကိုယ် ပြန်အားယူရတဲ့ ဟာတွေပဲ ရှိတာပေါ့။ အစကတော့ လူငယ်အမျိုးသမီးတွေ ပေါ့နော်။ သူတို့က ဒီ ဂျန်ဒါရေးရာ အပိုင်းမှာ ဆိုရင် အရမ်းကြီး ခြိမ်းခြောက်နေသေးတဲ့ အခြေအနေကာလ တခု ဖြစ်နေကြသေးတာပေါ့နော်။ ပြီးတော့ သူတို့က မတူညီတဲ့ နောက်ခံကနေ သူတို့က လာကြတဲ့ လူတွေပေါ့နော်။ အဲလိုမျိုး ဖြစ်တော့ အထူးသဖြင့် အမျိုးသမီးတွေ ဆိုလို့ရှိရင် ပိုပြီးတော့ ခွဲခြားဆက်ဆံခံရတယ် ဆိုတဲ့ဟာမျိုးတွေ တွေ့ရတာပေါ့နော်။ ဆိုတော့ အဲဒီအရာတွေကိုလည်း အမျိုးသမီးတွေ အပေါ်မှာ ဆိုရင် ကိုယ့်ရဲ့ လူမှုအဖွဲ့အစည်း တခုမှာ ကန့်သတ်ချက်တွေ ရှိတယ်၊ အယူအဆတွေ ဒီလိုမျိုး ရှိတယ် ဆိုတဲ့ဟာတွေကို ပယ်ဖျက်နိုင်ခဲ့တာပေါ့။ ကိုယ့်ရဲ့ လူမှုအဖွဲ့အစည်း တခုမှာ အမျိုးသမီးတွေလည်း တန်းတူ စွမ်းဆောင်ရည် နိုင်စွမ်းရှိတယ်၊ လုပ်နိုင်စွမ်း ရှိတယ်၊ အရည်အချင်းတွေ ရှိတယ် ဆိုတာကို ထုတ်ပြဖို့ လိုတယ်။ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက် ချတဲ့အခါမှာလည်း ခိုင်ခိုင်မာမာ ရှိလာဖို့ လိုတယ် ဆိုတဲ့ အရာမျိုးတွေကို ပေးနိုင်တယ်။ သူတို့အတွက်က တခုခုဆိုရင် ထွက်လာနိုင်တာပေါ့နော်။ ပြီးလို့ရှိရင် တခုခုဆိုရင် သူတို့က ပြောလာနိုင်တယ် ဆိုတဲ့ဟာမျိုးတွေတော့ မြင်တွေ့ရတာပေါ့နော်။
လက်တွေ့ လုပ်ဆောင်မှုမှသည် အနာဂတ် အိပ်မက်များဆီသို့
အဓိကတော့ ကိုယ်ကတော့ ဒီပညာရေးကဏ္ဍမှာ သင်ကြားရေး လုပ်တာပေါ့နော်။ ဆိုတော့ သင်ကြားရေး ကိုယ်လုပ်နေရင်းနဲ့ ကိုယ့်ရဲ့ အားသာချက် ဒီဘက် ရှိနေပါလား၊ ကိုယ့်ရဲ့ အားနည်းချက် ဘယ်လိုရှိနေမလဲ၊ ပြီးတော့ ကိုယ့်ရဲ့ အရည်အချင်းကလည်း ဘယ်လို တိုးတက်အောင် လုပ်လို့ရမလဲ ဆိုတဲ့ အရာကို လုပ်ရင်းနဲ့ပေါ့နော်၊ ကိုယ် ပြန်ပြီးတော့ မြင်လာတဲ့ အပိုင်းရှိတာပေါ့နော်။ ဆိုတော့ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်က ဟို ကိုယ်မက်နေလို့ပဲ ကိုယ်လုပ်နေလို့ပဲ ဟို ရှိနေတာမျိုး ဆိုတဲ့ဟာထက်ပေါ့နော်၊ ကိုယ်လက်တွေ့လုပ်ရင်းနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ စိတ်ကူးပုံဖော်ပြီးတော့ ‘ဪ ငါ့ရဲ့ စိတ်ကူးအိပ်မက်က ဒါပါလား’ ဆိုတဲ့ဟာမျိုး ပြန်မြင်တဲ့အပိုင်းတွေက အများကြီး ရှိတယ်ပေါ့နော်။ ကိုယ် လက်ရှိ ဘယ်ကို ရောက်နေပြီလဲ၊ ပစ္စုပ္ပန်မှာ အကောင်းဆုံး ကိုယ်လုပ်ပြီးတော့ ကိုယ့်ရဲ့ အနာဂတ်မှာ ကိုယ်ကောင်းကောင်းလေး မြင်နိုင်ဖို့ဆိုတဲ့ အရာတခု ပစ္စုပ္ပန်မှာ အကောင်းဆုံး လုပ်တယ်ပေါ့နော်။ အကောင်းဆုံး လူတယောက်အနေနဲ့လည်း ကိုယ်နေထိုင်သွားမယ်။ ပြီးရင် လဲကျခဲ့ရင်တောင်မှ ကိုယ်ကတော့ ပြန်ထမယ်။ ဒါပေမဲ့ လဲကျသွားခဲ့တဲ့ ဟာတွေကိုလည်း ကျမတို့ ဒီအတိုင်းပဲ ပြိုလဲသွားတာမျိုး မဟုတ်ဘဲနဲ့ ခွန်အားယူရမယ်၊ သင်ခန်းစာ ယူရမယ်၊ ပြီးတော့ ရှေ့ဆက်တိုးနိုင်ရမယ်ပေါ့နော်။ ပြီးတော့ အထူးသဖြင့် ဒီအမျိုးသမီး ပေါ့နော်၊ ‘ငါတို့ အမျိုးသမီးဖြစ်လို့ ပျော့ညံ့တယ်’ အဲ့ဒါမျိုးတွေ အဓိက စိတ်ထဲမှာ မရှိဖို့ပေါ့နော်၊ ကိုယ်လည်း လူထဲက လူတယောက်ပဲ၊ အဲ့ဒါကြောင့်မို့လို့ ကိုယ် အနည်းဆုံး ကိုယ်က ရှေ့ဆက်သွားနိုင်တယ်၊ လုပ်နိုင်တယ်ဆိုတဲ့ အရာတခု အမြဲတမ်း မွေးထားပေးဖို့လိုတယ် ဆိုတဲ့ ဟာမျိုးတွေ ကိုယ့်ကိုယ်ကိုယ်အနေနဲ့လည်း အဲ့လိုပုံစံနဲ့ ဆက်သွားဖို့တော့ ရှိတာပေါ့နော်။
လူငယ်အမျိုးသမီးများသို့ တန်းတူညီမျှ လက်ဆင့်ကမ်း သတင်းစကား
ကျမတို့ ဒီ အမျိုးသမီး ပေါ့နော်၊ အမျိုးသမီးထဲကမှ လူငယ်ပိုင်းပေါ့နော်။ လူငယ်ပိုင်းမှာ ဆိုလို့ရှိရင် အတွေးများစွာ ရှိနိုင်တယ်၊ စိန်ခေါ်မှုတွေ ပိုကြုံတွေ့ရနိုင်တယ်။ အထူးသဖြင့် စိတ်ဓာတ်ရေးရာ အပိုင်းမှာ ဆိုလို့ရှိရင် အရမ်းပြိုလဲလွယ်ပြီးတော့ မြန်တဲ့အချိန်လည်း ဖြစ်တယ်။ အဲ့ဒီအရာတွေကို ဟို အဝင်မခံပဲနဲ့ပေါ့နော်၊ ရှေ့ဆက်ပြီးတော့ ကိုယ့်မှာရှိတဲ့ စွမ်းဆောင်ရည်တွေ၊ ကိုယ်ဘယ်အပိုင်းကနေ ဘယ်လို မျှဝေပေးနိုင်လဲ၊ ဘယ်အပိုင်းကနေ ကိုယ်စွမ်းဆောင်ပေးနိုင်လဲ ဆိုတဲ့ ဟာမျိုးတွေကို အဓိက ဆုံးဖြတ်ချက် ချပြီးတော့ ရဲရဲရှေ့တိုးပါ၊ မရပ်နဲ့၊ ရပ်ခဲ့ရင်တောင်မှ နားပါ၊ သင်ခန်းစာယူပါ၊ ပြီးလို့ရှိရင် ဆက်သွားဖို့ မှာချင်တယ်ပေါ့နော်။ ပြီးလို့ရှိရင် သူတို့ အဲ့လိုမျိုး ပိုသင်ကြားလိုက်လို့ ကိုယ်အရည်အချင်း တခုခု တိုးတက်အောင် လုပ်တဲ့ အခါမျိုးမှာ ဆိုလို့ရှိရင်လည်း ‘ငါသိပြီပဲ၊ ငါတတ်ပြီပဲ’ ရသွားတာမျိုး မဟုတ်ဘဲနဲ့ ငါဘယ်ထိ ရှေ့ဆက်သွားနိုင်လဲ၊ ပြီးရင် ငါရသွားခဲ့ရင်တောင်မှ ငါဘယ်သူ့ကို ထပ်ပြီးတော့ လက်ဆင့်ကမ်းပေးနိုင်လဲ၊ အဲ့ဒီအတွေးအထိကို သွားဖို့ လိုအပ်တယ်ပေါ့နော်။ အဲ့ဒါလေးရင်တော့ လူငယ်အမျိုးသမီးတွေ အားလုံးကိုလည်း မှာချင်ပါတယ်ပေါ့။











