DVB Logo
Home
Lead Story
စစ်မှုထမ်းဥပဒေကို ဘယ်လို မြေလှန်ကြမလဲ
လင်းဆက်ငြိမ်းချမ်း
·
September 26, 2026
Photo: MOI
Photo: MOI
Donate to DVB

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ရဲ့ အပြန်အလှန်ဆွေးနွေးမှု စကားဝိုင်းအပြီး ၆ ရက်အကြာမှာ “အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှု အစီအစဥ်ကို ဆန့်ကျင်တိုက်ဖျက်ကြ”ဆိုတဲ့ ကြေညာချက် ထွက်ပေါ် လာတယ်။

စက်တင်ဘာ ၁၂ ရက်မှာ ဦးရည်မွန်နဲ့ ကိုမင်းကိုနိုင်တို့ရဲ့ အပြန်အလှန်ဆွေးနွေးမှုကို NUG ကာ ကွယ်ရေးဝန်ကြီးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ခဲ့တယ်။ အဲဒီစကားဝိုင်းမှာ ကိုမင်းကိုနိုင်က စစ်မှုထမ်းအတွက် ပြန်ပေးဆွဲကိစ္စ၊ စစ်အုပ်စုဝင်တွေ လက်ရဲဇက်ရဲ ကျူးလွန်နေတာကြောင့် ပြည်သူတွေ ထိခိုက်နေရကြောင်းနဲ့ NUG ကာကွယ်ရေးဘက်က ကိုင်တွယ်ဆောင်ရွက်မဲ့ အခြေအနေကို မေးမြန်းခဲ့ရာမှာ ဦးရည်မွန်က “ပစ( စစ်မှုထမ်းတပ်သား) ဆိုတာကတော့ စစ်အုပ်စုအတွက် ဘယ်တော့မှ တိုက်ခိုက်ရေး အင်အားတခုဖြစ်မှာ မဟုတ်ဘူးပေါ့ဗျာ။ ဒါသည်ပင်လျှင် စစ်အုပ်စုရဲ့ အားနည်းချက်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့ အစည်းတွေအနေနဲ့လည်း ဒီအားနည်းချက်ကို ကောင်းကောင်းသိဖို့ လိုတယ်လို့ ကျနော်တို့ ယူဆပါ တယ်။ ဒီအားနည်းချက်ကို ဖိနင်းပစ်နိုင်ဖို့ပဲပေါ့။ ပစအင်အား ပစ အစီအစဉ်သာ ပျက်ယွင်းသွားမယ်ဆိုရင် စစ်အုပ်စု ဘာဆက်လုပ်မလဲပေါ့။ ဒါက တော်တော်လေး စိတ်ဝင်စား စရာကောင်းတဲ့ အနေအထားပါ။ ပစအစီအစဉ် တိုက်ဖျက်ရေးက ကျနော်တို့ တော်လှန်ရေးအတွက်လည်း အရေးကြီးတဲ့ အလုပ်တခုဖြစ်မယ်။ ဒီအလုပ်အတွက် ကျနော်တို့ ပြည်သူတွေရော အရွယ်ရောက်ပြီး လူငယ်တွေရောပေါ့၊ ပူးပေါင်းပါဝင်ဖို့ အရေးကြီးလိမ့်မယ်လို့ ဒီလိုရှုမြင်ထားတာရှိပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့တယ်။

ဩဂုတ်လကုန်ပိုင်းကနေ စက်တင်ဘာ ၁၀ ရက်ကျော်အထိ မြန်မာနိုင်ငံတဝန်း စစ်မှုထမ်း ပြန်ပေးဆွဲတွေရဲ့ ဒလကြမ်းဖမ်းဆီးမှုတွေကိုကြုံခဲ့ရတယ်။ အဲဒီလိုအခြေအနေတွေရဲ့အဆက် ဦးရည်မွန်နဲ့ ကိုမင်းကိုနိုင်တို့ရဲ့ စကားဝိုင်းမှာ ထည့်သွင်းဆွေးနွေးတာတွေ ဖြစ်လာပြီး ဆက်လက်ပြီးတော့ “အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှု အစီအစဥ်ကို ဆန့်ကျင်တိုက်ဖျက်ကြ”ဆိုတဲ့ ကြေညာချက်ကို MOD (NUGကာကွယ်ရေးဝန်ကြီးဌာန) က ထုတ်ပြန်တဲ့အထိ လှမ်းလာတာ တွေ့ရတယ်။ အဲဒီကြေညာချက်ဟာ စကားဝိုင်းရဲ့အဆက်ဆိုပေမဲ့ စကားဝိုင်းမတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှု ရှိနှင့်ပြီးသားလို့ နားလည်မိတယ်။

စက်တင်ဘာ ၇ ရက်မှာ စစ်မှုထမ်းအပတ်စဉ် ၂၈ ဖွင့်လှစ်ခဲ့ပြီးဖြစ်လို့ လူငယ် ၁၄၀,၀၀၀ ဝန်းကျင် စစ်တပ်ထဲ အဓမ္မသွတ်သွင်းခံရပြီးမှ ထွက်ပေါ်လာတဲ့ ကြေညာချက်လို့လည်း ပြောရပါမယ်။ ထား။ 

ဘာပဲဖြစ်ဖြစ် အခုကြေညာချက်ရဲ့ ထူးခြားချက်က လူငယ်တွေ စစ်မှုထမ်းရှောင်ကြဖို့ တိုက် တွန်းထားရုံတင်မက တော်လှန်ရေးနယ်မြေထဲ လာရောက်ခိုလှုံဖို့အပြင် ရောက်လာတဲ့ လူငယ်တွေအရေးလည်း ထည့်သွင်းစဉ်းစားထားတာ တွေ့ရတယ်။

တော်လှန်ရေးနယ်မြေထဲ ရောက်လာတဲ့ လူငယ်တွေအနေနဲ့ တိုက်ခိုက်ရေးတာဝန်ထမ်း ဆောင်လိုပြီး သတ်မှတ်အရည်အချင်း ပြည့်မီရင် PDF နဲ့ ပကဖ ထဲသို့ဝင်။ မဝင်ချင်ဘူးဆိုရင်လည်း တဦးချင်းရဲ့ ကျွမ်းကျင်မှုနဲ့ စိတ်ဝင်စားရာအလိုက် ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု စတဲ့ လူထုဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပါဝင်ခွင့်ရရှိမယ်။ ပညာ ဆက်သင်ချင်တဲ့သူတွေကို ပညာသင်ခွင့် ရရှိအောင် ဆောင်ရွက်ပေးမယ်။ တော်လှန်ရေးနယ်မြေရောက် လူငယ်တွေအနေနဲ့ တော်လှန်ရေးရဲဘော်၊ တော်လှန်ပြည်သူတွေနဲ့အတူတကွ ရပ်တည်ရုန်း ကန်ရမှာဖြစ်ပေမဲ့ မိမိတို့ရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံမှုကို ရရှိခံစားနိုင်မယ်လို့လည်း MOD က အာမခံထားတယ်။

ဆိုတော့ ကြေညာချက်ထဲကအတိုင်း ထိထိရောက်ရောက် ဖိဖိစီးစီးနဲ့ အမှန်တကယ် ဖော်ဆောင်ဖို့ဆိုရင် တာဝန်ယူဆောင်ရွက်ရမဲ့ကော်မတီတရပ်၊ ဘတ်ဂျက်နဲ့ အသေးစိတ်အစီအမံ တွေ ရေးဆွဲပြင်ဆင်ထားရပါမယ်။ အဲဒီကော်မတီကနေပြီး  စစ်မှုထမ်းရှောင်လူငယ်တွေ တော်လှန် ရေးနယ်မြေထဲ လာချင်အောင် လှုံ့ဆော်စည်းရုံးမှုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် လုပ်ဆောင်ရပါမယ်။ ကနဦး ရောက်ရှိလာတဲ့ လူငယ်တွေကို MOD ကြေညာချက်ပါ အစီအစဉ်တွေအတိုင်း စနစ်တကျ နေရာချထားပေးနိုင်ခဲ့မယ်ဆိုရင် နောက်ထပ်လူငယ်တွေ ရောက်ရှိလာဖို့အတွက် လမ်းဖောက်ပြီးသား ဖြစ်သွားပါမယ်။

ကိုမင်းကိုနိုင်နဲ့ စကားဝိုင်းမှာ ဦးရည်မွန် ပြောခဲ့သလို စစ်အုပ်စုရဲ့ အသက်ရှူပေါက်ဖြစ်တဲ့ အဓမ္မစစ်သားစုဆောင်းနေမှုကို နည်းလမ်းစုံသုံး တိုက်ဖျက်ဖို့ဆိုရင် အထက်ပါဖိတ်ခေါ်မှုကို အောင် မြင်အောင် ဖော်ဆောင်နိုင်ရုံတင်မက စစ်မှုထမ်းတပ်သားတွေ အလင်းဝင်လာရေးကိုလည်း အားစိုက် လုပ်ဆောင်ရပါမယ်။

အခုဆိုရင် စစ်မှုထမ်းအပတ်စဉ် ၂၆ သင်တန်းဆင်းပြီးပြီဖြစ်လို့ အပတ်စဉ်တခုကို လူငယ် ၅,၀၀၀ နှုန်းနဲ့တွက်ရင် စစ်မှုထမ်းတပ်သား ၁၃၀,၀၀၀ ရှိသွားပါပြီ။ စစ်မှုထမ်းတပ်သားတွေရဲ့ ၉၉ ရာခိုင်နှုန်းကျော်ဟာ စစ်တပ်ထဲ မဝင်ချင်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားတာ အားလုံး အသိပါပဲ။ ဒါပေမဲ့၊ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားအရေအတွက်က ၂,၀၀၀ တောင်မပြည့်သေးပါဘူး။ ဒါကို တိတိပပ ထပ်ပြောရရင် စစ်မှုထမ်းတပ်သား အလင်းဝင် အရေအတွက်က သိပ်နည်းလွန်း လှပါတယ်။

ဆိုတော့ စစ်တပ်ထဲ မဝင်ချင်ဘဲ အဓမ္မပြန်ပေးဆွဲခံရပြီး ရောက်သွားတဲ့ လူငယ်ထုကြီးက ဘာ့ကြောင့် အလင်းဝင်မှု နည်းနေရတာပါလဲ။ အဲဒီမေးခွန်းရဲ့ အဖြေက သိပ်အရေးကြီးလှပေမဲ့ အရေးကြီးတဲ့ မေးခွန်းနဲ့ အဖြေကို MOD တာဝန်ရှိသူတွေက ဒီနေ့ထိတိုင် မမြင်ချင်ယောင် ဆောင်နေကြတာလားလို့ ထပ်မေးခွန်းထုတ်ရပါမယ်။

MOD ရဲ့ ပြည်သူ့ရင်ခွင်ကော်မတီဆိုတာ ပျောက်ဆုံးစာရင်းထဲ ရောက်ရှိနေတာကြာပါပြီ။ မြေပြင်မှာ ပြည်သူ့ရင်ခွင်ခိုလှုံရေးနဲ့ပတ်သက်ပြီး ထိရောက်တဲ့လှုံ့ဆော်စည်းရုံးမှုဆိုတာ ဘာမှမရှိပါ ဘူး။ MOD လက်အောက်ခံမဟုတ်တဲ့ ပြည်သူ့ရင်ခွင်-People’s Embrace ရဲ့ လှုပ်ရှားမှု နည်းနည်း။ ပြည်သူ့ပန်းတိုင်က အပတ်စဉ် အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်းစာရင်း ကောက်ခံမှုနဲ့ လှုံ့ဆော်မှု နည်းနည်း။ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က စစ်ရေးစစ်ရာ အစီရင်ခံစာတွေအပြင် ‘ပြည်သူ့စစ်မှုထမ်းဥပဒေ ဖော်ဆောင် သက်ရောက်မှု လေ့လာဆန်းစစ်ချက်’ အစီရင်ခံစာကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာက ထုတ်ပြန် ထားတာတွေ့ရပြီး အဲဒီအစီရင်ခံစာက စစ်မှုထမ်းတပ်သားတွေ အလင်းဝင်တာများလာအောင် ကိုင်တွယ်ဖော်ဆောင်ရမဲ့ အချက်တွေလည်း ဖော်ပြထားပါတယ်။

အဲဒီလို စစ်မှုထမ်းတွေနဲ့ပတ်သက်တဲ့ အမြဲမပြတ်စောင့်ကြည့်သုတေသနပြုပြီး ဖော်ထုတ်ထားတဲ့ အစီရင်ခံစာတွေ ဆက်တိုက်ထွက်နိုင်လေ ကောင်းလေဆိုပေမဲ့ အဲဒီအဖွဲ့အစည်းတွေက ရန်ပုံငွေ ယိုင်နဲ့နဲ့နဲ့ ဖြစ်ညှစ်နေရတာကြောင့် ခရီးမတွင်တာလို့ သိရတယ်။

ပြီးတော့ စစ်မှုထမ်းသုတေသနတွေ့ရှိချက်ပါ အကြံပြုချက်တွေကို လက်တွေ့ဖော်ဆောင်နိုင် တာက MOD လို လုပ်ပိုင်ခွင့်အာဏာရှိတဲ့ အဖွဲ့အစည်းမျိုးသာ ဖြစ်ပါတယ်။ ဒီနေ့အထိ MOD နဲ့ MOD လက်အောက်ခံမဟုတ်တဲ့ ပြည်သူ့ရင်ခွင်ဖော်ဆောင်ရေးအဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးကြတယ်ဆိုတာမျိုး မကြားမိပါဘူး။ မေ ၁၉ ရက်က MDSI နဲ့ CRPH လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီတို့ Zoom ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရပေမဲ့ နောက်ဆက်တွဲ ခြေလှမ်းတွေ ဘာမှမတွေ့ရပါဘူး။

စစ်မှုထမ်းတပ်သား အလင်းဝင်မှုများရေးကို အားစိုက်လုပ်ဆောင်ချင်တယ်ဆိုရင် ပထမအဆင့် MOD နဲ့ ပြည်သူ့ရင်ခွင်အဖွဲ့တွေ အရင်တွေ့ဆုံဆွေးနွေးဖို့လိုပါမယ်။ ဒုတိယ၊ စစ်မှုထမ်းအရေး နားလည်တတ်ကျွမ်းပြီး လုပ်ကိုင်ချင်စိတ်လည်းရှိတဲ့ လက်နက်ကိုင် CDM အရာရှိ ၊အရာခံတွေကို စု စည်းပြီး MOD ပြည်သူ့ရင်ခွင်ကော်မတီ ပြန်လည်ဖွဲ့စည်းရပါမယ်။ တတိယအနေနဲ့ ပြည်လည် ဖွဲ့စည်းတဲ့ ပြည်သူ့ရင်ခွင်ကော်မတီကို လုပ်ငန်းလည်ပတ်နိုင်စွမ်းရှိတဲ့ ဘတ်ဂျက်ချပေးဖို့လိုသလို သုတေသနအစီရင်ခံစာတွေ ထွက်လာရေးအတွက် ရန်ပုံငွေ ပံ့ပိုးဖို့လည်း လိုပါမယ်။

ဖြစ်နိုင်မယ်ဆိုရင် တချိန်က ဆရာဒဂုန်တာရာရဲ့ အိုင်ဒီယာဖြစ်တဲ့ ပြည်သူ့ဆက်ဆံရေးတပ်ကို MOD အောက်မှာ ဖွဲ့စည်းပြီး လူထုဆက်ဆံရေး၊ ဝါဒဖြန့်ချိရေးနဲ့ ပြည်သူ့ရင်ခွင်ကိစ္စရပ်တွေ ဆောင်ရွက်သင့်ပါတယ်။

စစ်မှုထမ်းတပ်သားတွေ အလင်းဝင်ကြပါလို့ ဖိတ်ခေါ်နေတာလောက်၊ လက်နက်နဲ့ အလင်း ဝင်လာရင်ဆုငွေချီးမြှင့်မယ်ဆိုတာလောက်နဲ့ အလုပ်မဖြစ်ဘူးဆိုတာကို အမှန်အတိုင်း ရှုမြင်သင့်ပါ ပြီ။ ကြွေကျလာတဲ့အသီးကိုသာ ထိုင်စောင့်နေမယ်ဆိုရင် အလင်းဝင်အရေအတွက်လည်း အခုလိုပဲ ဆက်နည်းနေဦးမှာပါပဲ။ အပင်ကို လှုပ်ရမ်းနိုင်စွမ်း ရှိရပါမယ်။ အပင်ကို အားထည့်ပြီး လှုပ်ချင်တယ်ဆိုရင် ‘မလုပ်ဘူးလားဆိုတော့ လုပ်တယ်၊ တကယ်လုပ်သလားဆိုတော့ မလုပ်ဘူး’ဆိုတဲ့ အမူအကျင့် ကို မြေလှန်ပစ်ရပါမယ်။

လင်းဆက်ငြိမ်းချမ်း

     

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013