
အခမ်းအနားတခုမှာ အေရိုးဗစ်စွမ်းရည် ပြသနေတဲ့ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ထိုင်းအင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေပေါ် ရေပန်းစားနေပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ ဘန်ကောက်မြို့၊ ပသုမ်ဝမ်မြို့နယ်ထဲက ဆုဖချလဆိုင်း အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ “၇၄ ရက်အတွင်း ကယ်လိုရီ ၇၄ သန်း” အမည်နဲ့ လေ့ကျင့်ခန်း ပြုလုပ်ရေး ကမ်ပိန်း အောင်မြင်စွာ ပြီးမြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားမှာ ခုလို စွမ်းရည်ပြဆင်နွှဲခဲ့တာလို့ Khaosod သတင်းမှာ ဩဂုတ် ၉ ရက်က ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဝန်ကြီးချုပ် အနုထင်းဟာ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူတွေကြားမှာ စည်းချက်နဲ့အညီ အေရိုးဗစ်စွမ်းရည် ပြနေခဲ့တာကို တွေ့ရပါတယ်။
အတွေ့အကြုံရင့် နိုင်ငံရေးသမားတယောက်ဖြစ်တဲ့ အနုထင်းဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် အနေနဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပြီး သူဟာ အရင်က ဒုဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
အထူးသဖြင့် သူဟာ ထိုင်းနိုင်ငံရဲ့ COVID-19 ကပ်ဘေးတုံ့ပြန်မှုကို ကြီးကြပ်ခဲ့သူ ဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းကလည်း ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို တရားဝင်ဖြစ်စေရေး ကြိုပမ်းးခဲ့သူလည်း ဖြစ်ပါတယ်။










