
ထိုင်းနိုင်ငံအနှံ့အပြား ရေကြီးရေလျှံနေတာနဲ့ ပတ်သက်လို့ အစိုးရရဲ့ စီမံခန့်ခွဲမှုအပေါ် ပြည်သူတွေ ကြား ပြစ်တင်ဝေဖန်နေချိန်မှာ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းကတော့ ဝေဖန်မှုတွေကို လက်ခံပြီး ပြည်သူတွေကို တောင်းပန်ကြောင်း ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ်ဟာ စက်တင်ဘာ ၂၉ ရက် ရဲတပ်ဖွဲ့ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးမှာ သဘာပတိ အဖြစ် တက်ရောက်ပြီး ရေကြီးရေလျှံမှု အခြေအနေတွေကိုပါ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။
ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေအနေနဲ့ ပြည်သူတွေရဲ့ ပြဿနာတွေကို နားထောင်ပေးဖို့၊ လိုအပ်ချက်တွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ မြေပြင်မှာ အမှန်တကယ်လို အပ်နေတဲ့ ကူညီ ထောက်ပံ့မှုတွေ ပေးဖို့ တင်းကျပ် ညွှန်ကြားခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ စိတ်ဓာတ်ကျဆင်းမှာမဟုတ်ဘဲ ကြုံတွေ့ ခဲ့ရတဲ့ ဒုက္ခအခက်အခဲတွေအတွက် တောင်းပန်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဝေဖန်မှုတွေကို နားနဲ့ကြားသိရုံနဲ့ လျစ်လျူရှုထားမှာမဟုတ်ဘဲ အမြန်ဆုံး အဖြေရှာ ဆောင်ရွက် သွားမယ်လို့လည်း ဝန်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။
အစိုးရအနေနဲ့ ရေတွေကို အမြန်ဆုံး စုပ်ထုတ်တဲ့နည်းအပြင် တခြားနည်းလမ်းပေါင်းစုံနဲ့ ရေဘေးက ကင်းလွတ်အောင် ဆောင်ရွက်သွားမယ်၊ အခြေအနေတွေ မျက်ခြည်မပြတ် စောင့်ကြည့်ဖို့နဲ့ ပြည်သူ တွေ အမှန်တကယ် ကြုံတွေ့နေရတဲ့ ပြဿနာတွေ သိရှိဖို့ အမြဲကွင်းဆင်းဖို့လည်း ညွှန်ကြားပါတယ်။
ရေဘေးသင့်ပြည်သူတွေ စောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး နာမကျန်းဖြစ်က ဆေးကုသမှု ခံယူကြဖို့၊ အန္တရာယ်ရှိ ဧရိယာတွေမှာ ရှိနေရင် ဘေးကင်းလုံခြုံဖို့ အဲဒီနေရာကနေ ထွက်ခွာဖို့လည်း မေတ္တာရပ်ခံ ထားပါတယ်။
ရဲတပ်ဖွဲ့နဲ့ အစိုးရဌာနဆိုင်ရာ အသီးသီးက ကဏ္ဍပေါင်းစုံကနေ ကူညီပေးဖို့ အသင့်ရှိကြောင်း၊ ရေတွေပြန်ကျသွားရင် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွင်း အစိုးရအနေနဲ့ အခြေခံ အဆောက်အအုံစနစ်နဲ့ နစ်နာကြေးပေးအပ်ဖို့ ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ဘန်ကောက်မြို့တော် စည်ပင်သာယာရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး အလုပ်ထပ်နေတာမျိုး မဖြစ်စေဘဲ ဘတ်ဂျက် ရန်ပုံငွေတိုင်းကို အကျိုးအရှိဆုံးဖြစ်အောင် သုံးစွဲသွားမဲ့အကြောင်း ဝန်ကြီးချုပ်က ပြောသွား ပါတယ်။
အစည်းအဝေးမှာ ပြည်သူ့ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ လျှော့ချရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းထီရဖတ် ခွတ်ချမတ် ကလည်း ဒေသအတော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းတာရော မြောက်ပိုင်းကရေတွေ တောင်ပိုင်းလွင်ပြင်ဒေသတွေဆီ စီးဆင်းလာတာကြောင့် ပြည်နယ် ၂၉ ခုနဲ့ ဘန်ကောက်ခရိုင် မြို့နယ် ၅၀ မှာ ရေကြီးရေလျှံခဲ့တယ်လို့ ပြောပါတယ်။
ပြည်သူ့ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ လျှော့ချရေးဦးစီးဌာန (DDPM) ရဲ့ စက်တင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်အရ ထိုင်းတနိုင်ငံလုံးမှာ မြို့နယ်ပေါင်း ၁၆၇ မြို့၊ ၈၉၀ တိုက်နယ်/အုပ်စု၊ ရပ်ကျေးပေါင်း ၅, ၀၇၇ မှာ ရေကြီးရေလျှံမှု ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၉၄၀,၃၀၀ က လူဦးရေ ၂ ဒသမ ၆ သန်းလောက် ရေဘေးသင့်ခဲ့တယ်။
ရေဘေးကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၁၈ ယောက်ရှိပြီး ဆရပူရီခရိုင် မှ ၁ ယောက်၊ အယုဒ္ဓယမှ ၁ ယောက် ၊ စမွတ်ပရကန်မှာ ၈ ယောက်၊ ဆာကယောက်မှ ၆ ယောက်နဲ့ ကျန်ထပူရီခရိုင်မှ ၂ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
ရေကြီးရေလျှံခဲ့တဲ့ ခရိုင်တွေမှာ တာ့ခ်၊ ဗိစနုလုတ်၊ ဖစ်ချဘွန်း၊ နခွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ လုပ်ဘူရီ၊ ဆင်းပူရီ၊ ချိုင်းယနတ်၊ ဆုဖန်းပူရီ၊ ကန်ကျနပူရီ၊ အန်ထောင်း၊ ဆရပူရီ၊ အယုဒ္ဓယ၊ စမွတ်ပရကန်၊ ပထုန်ဌာနီ၊ နွန်ထပူရီ၊ နခွန်းပထုန်၊ နခွန်းနာယုဒ်၊ ပရာကျင်းပူရီ၊ ချာ့ချိန်းဆောင်း၊ ဆာကယောက်၊ ချွန်းပူးရီး၊ လယောင်း၊ ကျန်ထပူရီ၊ တရာတ်၊ ဘူရီရမ်၊ ချိုင်းယဖုမ်း၊ နခွန်းရာ့ချ်ဆီမားနဲ့ ဆူရင်းခရိုင်တို့ ဖြစ်ပါတယ်။
Source: Thairath / Khaosod










