
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ကဘန်းနယ်မြေထဲမှာ တရုတ်ပြည်ကနေ တရားမဝင် တင်သွင်းတဲ့ ဘတ် ၅ သန်းတန်ဖိုးရှိ ဒရုန်းအစင်းရေ ၂,၅၀၀ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင်က အွန်လိုင်းပလက်ဖောင်းပေါ်ကနေ ဒရုန်းရောင်းဝယ်မှုတွေ စတင်တွေ့ခဲ့ပြီး ဒရုန်းတွေဟာ တရားမဝင်ဒရုန်းတွေ ဖြစ်ကြောင်းသိရှိရတာကြောင့် “Crack Down Drone Outlaws“ စစ်ဆင်ရေးနဲ့အညီ စုံစမ်းထောက်လှမ်းခဲ့တယ်လို့ အမှတ် ၁ ဒေသ NBTC ညွှန်ကြားရေးမှူးချုပ် ရဲမှူးချုပ် ဆူရဖုန်း ပရိမ်းဘွတ်က ပြောပါတယ်။
အဲဒီနောက် အမှတ် ၁ ဒေသ NBTC အမျိုးသားရုပ်မြင်သံကြားနဲ့ ဆက်သွယ်ရေးကော်မရှင်၊ အွန်လိုင်းရာဇဝတ်မှုဆိုင်ရာ ဆိုက်ဘာရဲတပ်ဖွဲ့၊ အကောက်ခွန်ဌာနနဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မင်ဘူရီရာဇဝတ်မှုဆိုင်ရာတရားရုံးက ဝရမ်းစာနဲ့အတူ မတ် ၂၆ ရက်က သတင်းရထားတဲ့ ဘန်ကောက် လတ်ကဘန်းနယ်မြေ ထပ်ယောင်းရပ်ကွက်ထဲမှာ သွားစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ ထပ်ယောင်းရပ်ကွက် ပချားဖတ်ထနားလမ်းနဲ့ ဖရထစ်ပ်လတ်မိုရီ ၆ လမ်းရှိ ဂိုဒေါင်ကြီး ၂ လုံးထဲမှာ တရုတ်ပြည်က တင်သွင်းတဲ့ စားစရာ၊ လူသုံးကုန်ပစ္စည်း အမျိုးမျိုးနဲ့ ဒရုန်းကရိယာတွေပါတွေ့ရှိခဲ့ကာ ဘတ် ၅ သန်းတန်ဖိုးရှိ ဒရုန်းအစင်းရေ ၂,၅၀၀ သိမ်းဆည်း ရမိတယ်လို့ သိရပါတယ်။
အဆိုပါဒရုန်းတွေဟာ တရားဝင်တင်သွင်းကြောင်း ထောက်ခံစာနဲ့ အခွန်ဆောင်ပြီးကြောင်း ထောက်ခံစာ မရှိတာကြောင့် နိုင်ငံတော်လုံခြုံရေး တည်ငြိမ်အေးချမ်းရေးအတွက် အန္တရာယ်ရှိ တယ်၊ ဒီအမှုမှာ ပါဝင် ပါတ်သက်သူတွေအားလုံးကို ဆက်လက်စုံစမ်းပြီး ရေဒီယိုဆက်သွယ်ရေး ဆိုင်ရာ ဥပဒေ၊ အကောက်ခွန်ဆိုင်ရာဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ထိုင်းရဲမှူးချုပ်က ပြောပါတယ်။
တည်ဆဲဥပဒေအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၅ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၀၀,၀၀၀ ထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံးကျခံရနိုင်တာ ဖြစ်ပါတယ်။
Source: MGROnline










