
ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ လတ်ဖရော့ဝ်နယ်မြေရှိ ဂျယ်လီမုန့်စက်ရုံမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ယောက်ကို လှောင်ပိတ်ပြီး မတရားစေခိုင်းခဲ့တဲ့ ထိုင်းအလုပ်ရှင် သားအမိ ၂ ယောက်ကို ဘန်ကောက် တရားရုံးက ထောင်ဒဏ် နှစ်ပေါင်း ၅၀ စီနဲ့ ငွေဒဏ်ရော အလုပ်သမား နစ်နာကြေးတွေပါ ပေးလျော်ဖို့ စီရင်ချမှတ်လိုက်ပါတယ်။
ဒီအမှုဟာ လွန်ခဲ့တဲ့ ၂၀၂၁ နှစ်ကတည်းက ဖြစ်ပွားခဲ့ပြီး ရွှေ့ပြောင်းလုပ်သားတွေ တရားမျှတမှုရှိစေရေးအတွက် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံတကာ တရားမျှတမှုမစ်ရှင် IJM ဖောင်ဒေးရှင်းနဲ့ ဘန်ကောက်ရှိ မြန်မာသံရုံးက တာဝန်ရှိသူတွေက နှစ်ရှည်လများ ကြိုးစားဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဒ့ါအပြင် ရှေ့နေချုပ်ရုံးက တရားလိုအဖြစ်နဲ့ IJM ဖောင်ဒေးရှင်းက ပူးတွဲတရားလိုအဖြစ် ပါဝင်ပြီး နှစ်ပေါင်းများစွာ ကြိုးစားတိုက်ပွဲဝင်ခဲ့ရတဲ့ ဥပဒေကြောင်းအရ အရေးယူမှု ဖြစ်တယ်လို့ IJM ရဲ့ အောက်တိုဘာ ၃၀ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဘန်ကောက်အယူခံတရားရုံးရဲ့ ၂၀၂၆ အောက်တိုဘာ ၇ ရက် စီရင်ဆုံးဖြတ်ချက်အရ ကျူးလွန်သူ ထိုင်းအလုပ်ရှင် ၂ ယောက်ကို လူကုန်ကူးမှု၊ အဓမ္မလုပ်အားစေခိုင်းမှု၊ အလုပ်သမားဥပဒေ ချိုးဖောက်မှုတွေနဲ့ ထောင်ဒဏ် ၅၀ နှစ်စီအပြင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဒဏ်ငွေ ဘတ် ၆,၉၂၁,၀၀၀ နဲ့တကွ နစ်နာသူ မြန်မာလုပ်သား ၁၄ ယောက်အတွက် လျော်ကြေးငွေ ၂၇၆, ၅၀၀ ဘတ်ကိုပါ ပေးလျော်ဖို့ စီရင်ဆုံးဖြတ်ခဲ့တာပါ။
တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံရဲ့ အဓမ္မခိုင်းစေမှုနဲ့ လူကုန်ကူးမှုဆိုင်ရာ တုံ့ပြန် ဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းစေပြီး၊ ရွှေ့ပြောင်းလုပ်သားတွေရဲ့ နေထိုင်ခွင့် အဆင့်အတန်း ဘာပဲဖြစ်ဖြစ် နစ်နာသူတွေကို ကာကွယ်ပေးနိုင်ခဲ့တဲ့ အရေးပါတဲ့ စံနမူနာတခု ဖြစ်တာကြောင့် IJM ဖောင်ဒေးရှင်းက ဝမ်းမြောက်စွာ ကြိုဆိုလိုက်ကြောင်း၊ ဗဟိုတရားရုံးဟာ အောက်တရားရုံးရဲ့ လူကုန်ကူးမှု စွပ်စွဲချက်အပေါ် ကင်းလွတ်ခွင့် ပေးခဲ့တာကို ပယ်ဖျက်ခဲ့ပြီး၊ အဓမ္မ ခိုင်းစေမှုနဲ့ အလုပ်သမားဥပဒေ ချိုးဖောက်မှုတွေအပြင် အဓိက ပြစ်မှုကျူးလွန်သူ ၂ ယောက်ကို အဓမ္မခိုင်းစေဖို့ လူကုန်ကူးမှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ IJM ဖောင်ဒေးရှင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် မူလတရားရုံးက ချမှတ်ခဲ့တဲ့ ခံဝန်ချက်နဲ့ ထောင်ဒဏ် ၃၄ လ (ဆိုင်းငံ့ပြစ်ဒဏ်) နေရာမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေအရ ခံဝန်ချက်မပါဘဲ ထောင်ဒဏ် နှစ် ၅၀ စီ ပြောင်းလဲ ချမှတ်ခဲ့တယ်။
ဒီအမိန့်ဟာ ထိုင်းနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေ အောက်မှာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်လို့ အဓမ္မခိုင်းစေမှုနဲ့ ပြစ်ဒဏ်အတိုင်းအတာ ထိထိ ရောက် ရောက် ချမှတ်နိုင်ခဲ့တဲ့ အရေးပါဆုံး အမိန့်တွေထဲက တခုဖြစ်တယ်လို့ IJM က ဆိုပါတယ်။
ဒီအမှုမှာ နစ်နာခဲ့ရသူ မြန်မာရွှေ့ပြောင်းအလုပ်သမတယောက်ကလည်း ဒီအမိန့်ဟာ တရားမျှတမှုနဲ့ တာဝန်ယူမှုရှိရေးအတွက် အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတခု ဖြစ်လို့ ဝမ်းမြောက်စွာ ကြိုဆိုကြောင်း ပြောပါတယ်။
“တခြား ရွှေ့ပြောင်းလုပ်သားတွေကိုလည်း အကူအညီတွေ ရနိုင်တယ်ဆိုတာနဲ့ ကူညီတောင်းဖို့ မကြောက်သင့်ဘူးဆိုတာ သိစေချင်ပါတယ်။ နစ်နာသူ ၁၄ ယောက်လုံးကို ကိုယ်စားပြုပြီး ဒီအမှုတလျှောက် ကျမတို့ကို ကူညီပေးခဲ့ကြတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် အားလုံးကို ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ ပံ့ပိုးမှုတွေကြောင့် ကျမတို့ တရားမျှတမှု ရရှိခဲ့တာပါ။”
လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ဘန်ကောက်၊ လတ်ဖရော့ဝ်နယ်မြေရှိ ဂျယ်လီမုန့်စက်ရုံက မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်ရှင်ရဲ့ အခန်းထဲ ပိတ်လှောင်ပြီး နေ့ရောညပါ မတရား အလုပ်စေခိုင်းတာခံရလို့ သူတို့ထဲက အလုပ်သမား ၄ ယောက်ဟာ စက်ရုံရဲ့ ဒုတိယထပ် ပြတင်းပေါက်ကနေ ခုန်ချပြီး အုတ်စည်းရိုးတံတိုင်းကို ကျော်လွှားကာ မြန်မာသံရုံး သံအရာရှိထံ သွားရောက်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
အလုပ်ရှင်ဟာ အဆိုပါအလုပ်သမားတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်ရေး အကြောင်းပြပြီး အပြင်လုံးဝထွက်ခွာခွင့်မပြုဘဲ စက်ရုံတံခါးသော့ခတ်ကာ အတွင်းမှာပဲ နေစေခဲ့ပါတယ်။
လေဝင်လေထွက်မကောင်းတဲ့ အဆောက်အအုံထဲမှာ တနေ့ ၁၆ နာရီ အလုပ်လုပ်ရတယ်၊ တချို့ရက်တွေမှာ တညလုံးနီးပါး မတ်တတ်ရပ်ပြီး အလုပ်လုပ်ခဲ့ရတယ်၊ ထမင်းစားချိန် ခဏတာ တနေ့ ၂ ချိန်သာရပြီး သောက်ရေမလုံလောက် ထမင်းဖြူနဲ့ပဲ မကြာခဏစားရတယ်၊ အစားအသောက်တွေကို စက်ရုံထဲမှာပဲ ပြန်ဝယ်ရတယ်၊ လစာဖြတ်ခံရတာကြောင့် စက်ရုံမှာလည်း အကြွေးတွေ ပိနေတယ်၊ ထွက်မပြေးဖို့ ခြိမ်းခြောက်ခံရတယ်၊ စက်ရုံထဲက အဖြစ်အပျက်တွေ ပြင်ပကို ပြန်မပြောပါဘူးဆိုတဲ့အကြောင်း အမွှေးတိုင်ထွန်းပြီး သစ္စာကျိန်ဆိုရတယ်၊ ဒါကြောင့် အလုပ်သမားတွေဟာ ကျိန်စာစူးမှာကိုလည်း ကြောက်ရွံ့ခဲ့ကြတယ်လို့ ဆိုပါတယ်။
IJM ဖောင်ဒေးရှင်းအနေနဲ့ နစ်နာသူတွေနဲ့ တရားဥပဒေစိုးမိုးရေးစနစ်ကို ဆက်လက်ပံ့ပိုးသွားမှာ ဖြစ်ပြီး၊ ထိုင်းလုပ်သားတွေရော တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် လူကုန်ကူးခံရသူ ရွှေ့ပြောင်းလုပ်သားတွေကိုပါ ဖော်ထုတ်၊ ကာကွယ်၊ ပံ့ပိုးပေးပြီး တရားမျှတမှု ရယူနိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို၊ ပြစ်မှုကျူးလွန်သူတွေကိုလည်း ထိုင်းဥပဒေအရ အပြည့်အဝ အရေးယူနိုင်အောင် ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။











