
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် အရပ်သား တောင်သူ တယောက် သေဆုံးသွားတယ်လို့ ကူညီဆောင်ရွက်ပေးသူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၁ ရက် ညနေက လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ ထွက်သွားတဲ့ အသက် ၄၆ နှစ် ကျော်အရွယ် ကိုကျော်နိုင်ဟာ သဲဖြူကျေးရွာက သူ့ရဲ့လယ်ကွင်းထဲမှာ ကန်သင်းပေါက်ဖို့ လုပ်နေစဉ် မြေမြှုပ်မိုင်း ပေါက်ကွဲတာကြောင့် ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။
ကူညီဆောင်ရွက်ပေးသူတယောက်က “သူပိုင်တဲ့ လယ်ကွင်းထဲ ဆင်းလာရင်း ဖြစ်တာ။ လယ်ကန်သင်းပေါက်ဖို့ လုပ်နေချိန် မိုင်းနင်းမိတာ။ ကိုယ်ခန္ဓာအနှံ့ ဒဏ်ရာတွေနဲ့ တခါတည်း သေဆုံးသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူ ကိုကျော်နိုင်ဟာ သဲဖြူကျေးရွာက ဒေသခံအရပ်သားတယောက်ဖြစ်ပြီး မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့တဲ့ နေရာဟာ သူပိုင်ဆိုင်တဲ့လယ်မြေ ဖြစ်တယ်လို့ သိရပါတယ်။
တောင်သူ ကိုကျော်နိုင် မြေမြှုပ်မိုင်းနင်းမိခဲ့တဲ့ သဲဖြူကျေးရွာဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးပြီး ယာယီစခန်းချကာ ခံစစ်ပြင်ဆင်ခဲ့တဲ့နေရာ ဖြစ်တယ်လို့ သိရပါတယ်။











