
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာမှာ အောက်တိုဘာ ၃၁ ရက်က စစ်ဘေးရှောင်အမျိုးသားတယောက် မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်စက်ယိုကျေးရွာမှာ လာရောက်နေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသားတယောက်ဟာ ဟင်းချက်စရာအသီးအရွက်တွေသွားခူးရင်း မြေမြှုပ်မိုင်းနင်းမိခဲ့တာလို့ သိရပါတယ်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူတယောက်က “ရွာနဲ့ သိပ်မဝေးတဲ့နေရာမှာ ဖြစ်တာပါ။ မိုင်းနင်းမိတာကြောင့် တခါတည်း သေဆုံးသွားတာပါ” လို့ ပြောပါတယ်။
မိုင်းနင်းမိပြီးသေဆုံးခဲ့တဲ့ အမျိုးသားဟာ အသက် ၄၀ ကျော်အရွယ် ဦးလှမင်း ဖြစ်ပြီး ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကနေ စစ်ဘေးရှောင်လာသူဖြစ်တယ်လို့ ဆိုပါတယ်။
စက်စက်ယိုကျေးရွာဟာ စစ်အာဏာရှင်တပ် မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်လေ့ရှိတဲ့ နေရာဖြစ်သလို တော်လှန်ရေးတပ်တွေ လှုပ်ရှားမှုရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။
နင်းမိခဲ့တဲ့ မြေမြှုပ်မိုင်းကို ဘယ်အဖွဲ့က ထောင်ထားတာလဲဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်ကလည်း လေးမျက်နှာမြို့နယ်၊ ဝါးတောကွင်းကျေးရွာက အမျိုးသမီးတယောက် တောထဲကို မျှစ်သွားရှာရင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲပြီး သေဆုံးခဲ့ပါတယ်။











